
၁၂.၂.၂၀၂၅
Translated by Htwe Ko Tun
ဘီလျံနာ အီလွန်မတ်စ်ခ် ခေါင်းဆောင်တဲ့အဖွဲ့က အမေရိကန်နိုင်ငံရှိ ဉာဏ်ရည်တုနည်းပညာ သုတေသနအဖွဲ့အစည်းဖြစ်တဲ့ OpenAI ကို ဝယ်ယူနိုင်ဖို့ ကမ်းလှမ်းလာမယ်ဆိုရင် OpenAI ကုမ္ပဏီဘုတ်အဖွဲ့အနေနဲ လုံးဝစိတ်ဝင်စားမှာမဟုတ်ဘူးလို့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ ဆမ်အတ်မန်က ဖေဖော်ဝါရီလ ၁၁ ရက်က ပြောကြားခဲ့ပါတယ်။
ဆမ်အတ်မန်က OpenAI ရဲ့ ဘုတ်အဖွဲ့အနေနဲ့ အီလွန်မတ်စ်ခ်နဲ့ အဖွဲ့ဆီက တရားဝင် ကမ်းလှမ်းလာချက်ကိုလက်ခံရရှိခြင်း မရှိသေးပါဘူး။ ဘုတ်အဖွဲ့အနေနဲ့ ဒီလိုကမ်းလှမ်းလာရင် ငြင်းဆိုသွားဖို့စီစဉ်နေပါတယ်လို့ အလုပ်သမားတွေကို ပြောခဲ့ပါတယ်။
သူက အီလွန်မတ်စ်ခ်အနေနဲ့ OpenAI ကို ထိန်းချုပ်ဖို့ကြိုးစားလာတာဖြစ်တယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ OpenAI ရဲ့ ဖွဲ့စည်းထားပုံအရ မည်သူတစ်ဦးတစ်ယောက်ကမှ ထိန်းချုပ်လို့မရဘူးဆိုတာ သေချာပါတယ်လို့ ပြောခဲ့ပါတယ်။
ဆမ်အတ်မန်က အီလွန်မတ်စ်ခ် အနေနဲ့ ပြိုင်ဘက်ဉာဏ်ရည်တုနည်းပညာကုမ္ပဏီတစ်ခုကိုလည်း လည်ပတ်နေတာပါ။ သူ့ရဲ့လုပ်ဆောင်ချက်တွေက OpenAI ရဲ့ မျှော်မှန်းချက် ဒါမှမဟုတ် တန်ဖိုးထားမှုတွေ ဖြစ်ရမှာမဟုတ်ပါဘူးလို့လည်း ပြောခဲ့ပါသေးတယ်။
အီလွန်မတ်စ်ခ် ခေါင်းဆောင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေပါတဲ့အဖွဲ့က OpenAI ရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို အမေရိကန်ဒေါ်လာ ၉၇ ဒသမ ၄ ဘီလျံနဲ့ ဝယ်ယူဖို့ ဖေဖော်ဝါရီလ ၁၀ ရက်မှာ တောင်းဆိုမှုပြုခြင်း မခံရပါဘဲနဲ့ ပြောကြားလာခဲ့တာက OpenAI ကို အံအားသင့်စေခဲ့ပါတယ်။
အီလွန်မတ်စ်ခ် က OpenAI အကျိုးအမြတ်ရယူခြင်းရှိမှာမဟုတ်ဘူးလို့ မူလအစက ကတိပေးချက်တွေ ပြုခဲ့ပေမယ့် အကျိုးအမြတ်ရတဲ့ ကုမ္ပဏီတစ်ခုအဖြစ်ပြောင်းလဲခဲ့တယ်လို့ အကြိမ်များစွာ စွပ်စွဲပြောကြားခဲ့ပါတယ်။ OpenAI ကလည်း OpenAI ဟာ ဉာဏ်ရည်တုနည်းပညာလမ်းကြောင်းအတိုင်း ဆောင်ရွက်မယ်ဆိုရင်းနဲ့ Tesla နဲ့ ပူးပေါင်းမယ်ဆိုရင် အကျိုးအမြတ်ရတဲ့ ကုမ္ပဏီတစ်ခုဖြစ်ဖို့လိုမှာ မတ်စ်ခ်အနေနဲ့ သိပြီးဖြစ်တယ်လို့ ပြန်လှန်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အတ်မန်က အီလွန်မတ်စ်ခ်နဲ့အဖွဲ့ရဲ့ OpenAI ကို ဝယ်ယူဖို့ ပြောကြားချက်ကို တုံ့ပြန်တဲ့အနေနဲ့ လူမှုကွန်ရက် X မှာ ပို့စ်တစ်ခု တင်ခဲ့ပါသေးတယ်။ ပို့စ်မှာတော့ အတ်မန်က “ကျေးဇူးတင်ပါတယ်။ လက်ခံမှာမဟုတ်ပါဘူး။ ဒါပေမယ့် တကယ်လို့များ ခင်ဗျားတို့က လိုလားခဲ့ရင် တွစ်တာကို ဒေါ်လာ ၉ ဒသမ ၇၄ ဘီလျံနဲ့ ဝယ်ပေးပါ့မယ်” လို့ ဖော်ပြခဲ့ပါတယ်။
Ref- Wired