
၁၂. ၂. ၂၀၂၅
Translated by Thettant
မှတ်ဉာဏ်ယိုယွင်း သတိလွတ်ကင်းနေပြီး စိတ်ကျရောဂါနဲ့ အယ်ဇိုင်းမားဝေဒနာခံစားနေရတဲ့ အသက် ၈၂ နှစ်အရွယ် အဘိုးအိုကို ရိုက်နှက်ထိန်းကျောင်းသူ မြန်မာအိမ်အကူကို စင်ကာပူတရားရုံးက ထောင်တစ်နှစ်ကျော် ချလိုက်ပါတယ်။
အသက် ၃၆ နှစ်အရွယ် မြန်မာနိုင်ငံသား သန့်ဇင်ဦးဟာ ဝေဒနာသည်အဘိုးအိုကို ပြုစုစောင့်ရှောက်ချိန်မှာ ဘာသာစကားအခက်အခဲနဲ့အတူ ကြိမ်ဖန်များစွာ ရိုက်နှက်မှုကြောင့် ဖေဖော်ဝါရီ ၁၁ ရက်မှာ ထောင် ၁ နှစ်နဲ့ ရက်သတ္တပတ်လေးပတ် ပြစ်ဒဏ်ချမှတ်ခံလိုက်ရတာပါ။
ပြစ်မှုဖြစ်ပွားချိန်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီကနေ မတ်လအတွင်းဖြစ်ပြီး အသက် ၈၂ အရွယ် အဘိုးအိုဟာ Housing Board Unit မှာ အခြားအိမ်ငှားတွေနဲ့ အတူနေချိန် ပြုစုစောင့်ရှောက်ဖို့အခက်အခဲကြောင့် သန့်ဇင်ဦးကို ငှားရမ်းခိုင်းစေချိန် ငါးနှစ်ခွဲအကြာမှာ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာလို့ လက်ထောက်အစိုးရရှေ့နေ Teo Lu Jia က ပြောခဲ့ပါတယ်။
နှိပ်စက်ခံရသူအဘိုးအိုကို အဝတ်လဲပေးဖို့၊ ရေချိုးပေးဖို့၊ သွားလာရာမှာကူညီဖို့ အပါအဝင် ပြုစုပေးဖို့ သန့်ဇင်ဦးကို ငှားရမ်းထားပြီး အဘိုးအိုရဲ့ သားနဲ့သမီးက တစ်ပတ်တစ်ကြိမ် အစားအသောက်နဲ့ ရိက္ခာလာပို့ကြပါတယ်။ ဒီလိုနဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ သားဖြစ်သူက ဖခင်ဖြစ်သူရဲ့ ခန္ဓာကိုယ်က ပွန်းပဲ့ဒဏ်ရာတွေကို သတိပြုမိခဲ့သလို သန့်ဇင်ဦးက မိုဘိုင်းလ်ဖုန်းနဲ့ ဂိမ်းဆော့တာတွေရှိတာကို သမီးဖြစ်သူက သတိပြုမိခဲ့ပါတယ်။
အဲဒါအပြင် Housing Board Unit က အခြားအိမ်ငှားတွေကလည်း သန့်ဇင်ဦးဟာ စိတ်ကျဝေဒနာသည်အဘိုးအိုကို အော်ငေါက်တာတွေရှိတယ်လို့ တိုင်ကြားတာကြောင့် ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ CCTV တပ်ဆင်စောင့်ကြည့်ရာမှာတော့ ၂၀၂၄ ခုနှစ် မတ်လမှာ တစ်စုံတစ်ခု မှားယွင်းနေတာကို ပိုမိုသတိပြုမိပြီး သံသယနဲ့ CCTV ကို စစ်ဆေးရာမှာ သန့်ဇင်ဦးဟာ ဖခင်ဖြစ်သူကို တစ်လငါးကြိမ်ခန့် အနိုင့်အထက်ပြုကျင့်ပြီး ဒီလို ညှင်းပန်းမှုကို ဦးခေါင်းနဲ့ လည်ပင်းကို ပစ်မှတ်ထားလေ့ရှိတာလည်း တွေ့ရှိအပြီးမှာ သန့်ဇင်ဦးကို ၂၀၂၄ ခုနှစ် ဧပြီ ၃ ရက်မှာ ဖမ်းဆီးအပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်မှာတော့ ထောင်တစ်နှစ်ကျော် ချခဲ့တာပါ။
သန့်ဇင်ဦးဟာ ရောဂါသည် သက်ကြီးရွယ်အိုအဘိုးအိုကို နှိပ်စက်မှုနဲ့ စွဲချက်သုံးခုတင်ခံထားရပြီး ပြစ်ဒဏ်ချမှတ်ရာမှာတော့ အလားတူစွဲချက်နှစ်ခုကိုပါ ထည့်သွင်း စဥ်းစားပြီးမှ ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။
စင်ကာပူနိုင်ငံဟာ သက်ကြီးရွယ်အိုဦးရေများပြားမှုကြောင့် မိသားစုများစွာဟာ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ဖို့ အိမ်အကူတွေဆီက အကူအညီ ရယူနေရချိန်မှာ သန့်ဇင်ဦးရဲ့ လုပ်ရပ်ဟာ လူထုကို အကြီးအကျယ် စိတ်အနှောင့် အယှက်ဖြစ်စေခဲ့တာ သတိပြုမိကြောင်းနဲ့ ပြုစုစောင့်ရှောက်ဖို့ လွှဲအပ်ထားတဲ့ ယုံကြည်မှု အလွဲသုံးစားလုပ်တာကို တရားရုံးက လက်ခံမှာ မဟုတ်ကြောင်း တရားသူကြီး ဆယ်လီနာက ပြောကြားခဲ့ပါတယ်။
Ref, CNA & The Straits Times