
MT News
၁၂. ၂. ၂၀၂၅
ပြည်ပနိုင်ငံအချို့က မြန်မာ့ပြည်တွင်းပဋိပက္ခကို ဒေသတွင်းပဋိပက္ခ အခြေအနေဖြစ်ပေါ်အောင် ဖန်တီးနေကြပြီး တိုင်းပြည် စည်းလုံးမှု ပြိုကွဲပါက ခေတ်သစ်ကိုလိုနီနယ်ချဲ့များ ဝင်ရောက်စွက်ဖက် လာနိုင်သည်ကို သတိပြုရမည်ဟု SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့တွင် သတိပေးပြောကြားလိုက်သည်။
ယနေ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်သည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှတစ်ဆင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးပြဿနာများနှင့် ပဋိပက္ခများကို ဖြေရှင်းရာတွင် ပြည်ပနိုင်ငံအချို့က ပြည်တွင်းပဋိပက္ခကို ဒေသတွင်းပဋိပက္ခ အခြေအနေထိဖြစ်ပေါ်အောင် ဖန်တီးနေကြပါသည်။ တိုင်းပြည် စည်းလုံးမှု ပြိုကွဲပါက အင်အားချိနဲ့ကာ ခေတ်သစ်ကိုလိုနီနယ်ချဲ့များ ပါဝင်ပတ်သက် ဝင်ရောက်စွက်ဖက် လာနိုင်သည်ကို သတိပြုကြရမည်ဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သည့်နိုင်ငံအဖြစ် တည်တံ့ခိုင်မြဲစေရန်၊ သူတစ်ပါးလက်အောက်ခံမဖြစ်စေရန်၊ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးစေရန်နှင့် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် တိုင်းရင်းသားပြည်သူအပေါင်း စည်းလုံးညီညွတ်စွာဖြင့် အကြမ်းဖက်မှုများကို တားဆီးဟန့်တားကြရန် လိုအပ်ပါသည်။”ဟု သတိပေးခဲ့ခြင်းလည်းဖြစ်သည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သိက္ခာရှိသည့်ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်တစ်ရပ်ကို ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းကို ဥပဒေနှင့်အညီ ခွင့်ပြုပေးထားပြီး ပါတီစုံပါဝင်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်းလည်း SAC ဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် ဖော်ပြသည်။
ထို့ကြောင့် ရွေးကောက်ပွဲ ကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ်တွင် အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီး ရှေ့ပြေးလူဦးရေစာရင်းကို တရားဝင်ထုတ်ပြန်ခဲ့ပြီးဖြစ်ကာ တိကျမှန်ကန်သည့် အတည်ပြု ဦးရေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သို့ ဆက်လက်ပေးပို့ပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်စီမံ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
ရွေးကောက်ပွဲတွင် မဲမသမာမှုမရှိရေးနှင့် တိကျမှန်ကန်ရေး Myanmar Electronic Voting Machine ဖြင့် မဲပေးသည့်စနစ်ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှု၊ ဆုံးရှုံးမှုမရှိစေရေးနှင့် နည်းလမ်းကျန မှန်ကန်သည့် ရွေးကောက်ပွဲဖြစ်စေရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု SAC ဥက္ကဋ္ဌ က ပြောကြားသည်။
ယင်းအပြင် ပါတီစုံဒီမိုကရေစီစနစ်ကို တည်ဆောက်ရာတွင် ဒီမိုကရေစီယဉ်ကျေးမှုနှင့်အညီ လူတစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက်၏ လိုအင်ဆန္ဒများကို ပဋိပက္ခအဖြစ် ဖန်တီးလှုံ့ဆော်မှု၊ အကြမ်းဖက်ဖော်ဆောင်မှုများမှရှောင်ရှား၍ ငြိမ်းချမ်းသောနည်းဖြင့်သာ ဖော်ဆောင်ကြရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အဓိကဖြစ်သဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး လိုအပ်နေသော တည်ငြိမ်အေးချမ်းမှုရှိရေး ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ သို့ဖြစ်ပါ၍ “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံးတည်ငြိမ်အေးချမ်းအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်”တိုက်တွန်းအပ်ပါကြောင်းလည်း SAC ဥက္ကဋ္ဌ က သဝဏ်လွှာမှတစ်ဆင့် တိုက်တွန်းခဲ့သည်။