MT News
Written by Thettant
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမရှေ့၌ (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က ကျင်းပနေစဉ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ၍ ပြည်သူတစ်ဦးသေဆုံးပြီး ဒေသခံများနှင့် ကျောင်းသား၊ ကျောင်းသူများ ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဖြစ်စဉ်မှာ (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲ အခမ်းအနားကို ဒေသခံတိုင်းရင်းသားပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနေသည့်နေရာသို့ KNPP အဖွဲ့နှင့် PDF များက နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် လွိုင်ကော်မြို့၏ အရှေ့မြောက်ဘက်မီတာ ၄၀၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် အခမ်းအနားကျင်းပရာ ပြည်နယ်ခန်းမအနီးနှင့် လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်။
အဆိုပါ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်တချို့နှင့် ကျောင်းသား/သူ ၆ ဦး၊ အပြစ်မဲ့ အရပ်သား ကျား ၁ ဦး၊ မ ၁ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အပြစ်မဲ့အရပ်သား ကျား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လွိုင်ကော်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိပြီး ယခုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်သည့် လူစည်ကားရာနေရာသို့ အများပြည်သူများအား အစုလိုက်အပြုံလိုက် သေကျေဒဏ်ရာ ရရှိစေခြင်းအလို့ငှာ ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက်ပစ်ခတ်ခဲ့သည့် အကြမ်းဖက်သမားများ၏ လူမဆန်သည့် အကြမ်းဖက် လုပ်ရပ်များအား ရှုတ်ချမှုများ ရှိနေကြောင်း သိရသည်။