
၁၂.၂.၂၀၂၅
Written by KL
လျှပ်စစ်ထမင်းပေါင်းအိုး တည်ထားစဥ် ခလုတ်မတက်ဘဲ ချို့ယွင်းရာမှ လူနေအိမ် ၁ လုံး မီးလောင်ကာ အသက် ၉၈ နှစ်အရွယ် အဘိုးအို မီးဟပ်ဒဏ်ရာများရရှိမှု ဖေဖော်ဝါရီလ ၁၁ ရက် ညနေ ၃ နာရီ ၃၄ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၃ ရပ်ကွက်၊ စေတနာ (၄)လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

“မီးလောင်မှုဖြစ်တာက လျှပ်စစ်ထမင်းပေါင်းအိုး ခလုတ်မတက်ရာကနေ စတာ။ အိမ်မီးလောင်တဲ့အိမ်က အဘိုးအိုတစ်ယောက်တော့ မီးဟပ်ဒဏ်ရာတွေရတယ် အသက်အန္တရာယ် မစိုးရိမ်ရပါဘူး”ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။
ဆယ်မိနစ်ကျော်ကြာ လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် အလျားပေ၂၀၊ အနံ ၄၀ရှိ သွပ်မိုး၊ ကျောက်ပြားကာ ပျဥ်ခင်း အုတ်ညှပ် ၂ ထပ် နေအိမ် ၁ လုံးနှင့် အတွင်းပစ္စည်းများ၊အလျား ၁၀ ပေ အနံ ပေ ၆၀ ရှိ နေအိမ်၏ ပြတင်းပေါက်၊ မွေ့ယာ ၊သစ်သားမှန်တင်ခုံတို့ မီးဟပ်ခံရကာ ပျက်စီးခဲ့သည်။
ထို့အပြင် အသက် ၉၈ နှစ်အရွယ် အဘိုးအို ဦးသောင်းရွှေ၏ ဘယ်ဘက်လက်မောင်း၊ လက်ဖျံ ညာခြေသလုံးနှင့် ပေါင်တို့တွင် မီးဟပ်ဒဏ်ရာရရှိခဲ့သဖြင့် ဝန်းရံမှူး လူမှုကူညီကယ်ဆယ်ရေးအသင်းမှ အသင်းဝင်များက သူနာတင်ယာဥ်ဖြင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၄ စီး၊ ရေသယ်ယာဥ် ၂ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၄၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၄၄ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
နေအိမ် မီးလောင်မှုကြောင့် အသက် ၅၁ နှစ်အရွယ် အမျိုးသားကြီးကို ရာဇသတ်ကြီးပုဒ်မ ၂၈၅၊ ၃၃၈ဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းက အမှုဖွင့်ထားသည်။