
၁၁.၂.၂၀၂၅
Written By Zun
မြန်မာနိုင်ငံဘက်သို့ တရားမဝင် ပို့ဆောင်မည့် တိရိစ္ဆာန်အကောင်ရေ ၅၀ ကျော်ကို မဲဆောက်တွင် ယနေ့ ဖမ်းမိခဲ့ကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။

ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ အမှတ် (၆) ၊ မယ်ပကျေးရွာရှိ ဟွေ့ဟင်ဖွန်စစ်ဆေးရေးဂိတ်တွင် ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၅ နာရီအချိန်ခန့်က မြန်မာနိုင်ငံဘက်သို့ တရားမဝင် ပို့ဆောင်မည့် တိရိစ္ဆာန်အကောင်ရေ ၅၀ ကျော်ကို မဲဆောက်မြို့နယ်၊ အမှတ် (၆) ၊ မယ်ပကျေးရွာရှိ ဟွေ့ဟင်ဖွန်စစ်ဆေးရေးဂိတ်သို့ ဖြတ်သန်းမောင်းနှင်လာသည့် ကုန်တင်ကားတစ်စီးပေါ်မှ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုန်တင်ကားကို တားဆီးစစ်ဆေးရာ Sulcata အမျိုးအစား လိပ် ၄၆ ကောင်၊ Capybara အမျိုးအစား ကြွက် ၄ ကောင်၊ ကြက်တူရွေး ၃ ကောင်နှင့် စပါးအုံးမြွေ ၂ ကောင်တို့ပါဝင်ကြောင်း သိရသည်။

ယင်း တိရိစ္ဆာန်များကို ဘန်ကောက်မြို့၊ ကျတုကျတ်ပျံကျဈေးမှတင်ဆောင်လာကာ ထိုင်းနိုင်ငံသား ဒရိုင်ဘာက မြန်မာနိုင်ငံ၊ မြဝတီမြို့သို့ ပို့ဆောင်ရန် မောင်းနှင်လာစဉ် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း မဲဆောက်ရဲစခန်းတွင် ယာဉ်မောင်းက ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။
ယခုအခါ အဆိုပါ ထိုင်းနိုင်ငံသား ယာဉ်မောင်းကို မဲဆောက်ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားပြီး ခွင့်ပြုချက်မဲ့ တိရိစ္ဆာန်ရောင်းဝယ် ဖောက်ကားမှုဖြင့် အမှုဖွင့်လှစ်ကာ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။