MT News
ကယားပြည်နယ်နေ့ အထိမ်းအမှတ်မုခ်ဦးဖွင့်ပွဲကို လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ သေဆုံးဒဏ်ရာရမှုအပေါ် အဖွဲ့အစည်းအသီးသီးက ရှုတ်ချကြောင်း ဝိုင်းဝန်းထုတ်ပြန်လာသည်။
ဖြစ်စဥ်မှာ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမရှေ့၌ (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနားကို ဒေသခံတိုင်းရင်းသား ပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနေစဉ် KNPP အဖွဲ့နှင့် PDF များက နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် လွိုင်ကော်မြို့၏ အရှေ့မြောက်ဘက်မီတာ ၄၀၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် လူမဆန်စွာပစ်ခတ် တိုက်ခိုက်၍ အခမ်းအနားကျင်းပရာ ပြည်နယ်ခန်းမအနီးနှင့် လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်။
အဆိုပါလက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့နှင့် ကျောင်းသား/ကျောင်းသူကလေးငယ် ၆ ဦး၊ အပြစ်မဲ့ အရပ်သားပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသား ၁ ဦး သေဆုံးခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းYMBA(ဗဟို)၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)နှင့် မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံးများက လက်မခံနိုင်ကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြောင်း သိရသည်။