
၁၁.၂.၂၀၂၅.
Translated by Htwe Ko Tun
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အစိုးရက သုံးနှစ်နီးပါးကြာလာပြီဖြစ်တဲ့ ရုရှား-ယူကရိန်း စစ်ပွဲ အဆုံးသတ်စေဖို့ တွန်းအားပေးဆောင်ရွက်နေရာမှာ ယူကရိန်းသမ္မတ ဇယ်လန်စကီးဟာ အမေရိကန်ပြည်ထောင်စု ဒုတိယသမ္မတ ဂျေဒီဗင့်စ်နဲ့ ဖေဖော်ဝါရီလ ၁၄ ရက်မှာ မြူးနစ်မြို့ လုံခြုံရေးညီလာခံမှာတွေ့ဆုံပြီး စစ်ပွဲရပ်ဆိုင်းရေး အမေရိကန်အစိုးရက တွန်းအားပေးဆွေးနွေးမယ်လို့သိရပါတယ်။
ဇယ်လန်စကီးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆာဂျီ နီကီဖိုရော့ဗ်ကလည်း မြူးနစ်ညီလာခံနောက်ကွယ်မှာ သူတို့နှစ်ဦးသီးခြားတွေ့ဆုံကြမယ်ဆိုတာ ပြောခဲ့ပါတယ်။
သမ္မတ ဒေါ်နယ်ထရန့် က စစ်ပွဲရပ်ဆိုင်းဖို့အတွက် သူ့ရဲ့ အထူးသံတမန်ဖြစ်တဲ့ ကိတ်ကယ်လော့ဂ်ကိုလည်း ယူကရိန်းနိုင်ငံသို့ နောက်ထပ်တစ်ပတ်အကြာမှာ စေလွှတ်မယ်လို့ သိရပါတယ်။ ယူကရိန်းသမ္မတရုံးကလည်း ကယ်လော့ဂ်ဟာ ယူကရိန်းကို ဖေဖော်ဝါရီလ ၂၀ ရက်မှာရောက်ရှိမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ယူကရိန်းမှာ ကယ်လော့ဂ်က ဘယ်နေရာတွေသွားရောက်လည်ပတ်ဦးမလဲဆိုတာကိုတော့ မပြောခဲ့ပါဘူး။ ကယ်လော့ဂ်ရဲ့ ခရီးစဉ်က ဖေဖော်ဝါရီလ ၂၄ ရက်ဆို သုံးနှစ်ပြည့်ပြီဖြစ်တဲ့ ရုရှားတပ်ဖွဲ့တွေ ယူကရိန်းကိုဝင်ရောက်တိုက်ခိုက်မှု နှစ်ပတ်လည်မတိုင်ခင်လေးမှာပါ။
ရုရှားနဲ့ ဘယ်လိုမျိုးသဘောတူညီချက်ရသည်ဖြစ်ဖြစ် အမေရိကန်အစိုးရထံမှ ခိုင်မာတဲ့လုံခြုံရေးအာမခံချက်ရဖို့ ဇယ်လန်စကီး ကတောင်းဆိုနေချိန်မှာပဲ ထရန့်ကလည်း စစ်ပွဲကို အမြန်အဆုံးသတ်ဖို့ တွန်းအားပေးဆောင်ရွက်နေတာပါ။
ယူကရိန်းအစိုးရကတော့ ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံဖို့ ဒါမှမဟုတ် ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်တွေချထားဖို့ စတဲ့ တင်းမာတဲ့ စစ်ရေးကတိကဝတ်တွေမပါဝင်လို့ရှိရင် ဘယ်ဖြေရှင်းချက်မျိုးမဆို ရုရှားအစိုးရကို တိုက်ခိုက်မှုအသစ်တစ်ခုပြုလုပ်ဖို့ တပ်အင်အားတွေ ပြန်လည်စုဖွဲ့ဖို့နဲ့ လက်နက်ပြန်လည်တပ်ဆင်ဖို့ အချိန်ပေးသလိုဖြစ်မှာကို စိုးရိမ်နေပါတယ်။
ဇယ်လန်စကီးက ဖေဖော်ဝါရီလ ၁၀ ရက်မှာ ယူကရိန်းမှာ စစ်မှန်သောငြိမ်းချမ်းရေးနဲ့ ထိရောက်မှုရှိသော လုံခြုံရေးအာမခံချက်တွေရရှိရေးအတွက် တောင်းဆိုခဲ့ပါတယ်။ ထရန့်က စစ်ပွဲကိုအဆုံးသတ်ဖို့ ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးလိုတယ်လို့ ဆိုထားပေမယ့် နှစ်ဖက်စလုံးကို ညှိနှိုင်းဆွေးနွေးရေးစားပွဲကို ရောက်အောင်ခေါ်လာမယ့် ဆွေးနွေးပွဲအတွက် အသေးစိတ်အဆိုပြုချက်ကို မပြောကြားခဲ့သေးပါဘူး။
ဇယ်လန်စကီးနဲ့ ပူတင် နှစ်ဦးစလုံးကလည်း အရင်က နှစ်ဦးတိုက်ရိုက်တွေ့ဆုံဆွေးနွေးကြဖို့ ငြင်းဆိုထားကြလို့ နှစ်ဖက်သဘောတူညီချက်ရဖို့ရာ မျှော်လင့်ချက်အလွန်နည်းခဲ့ပါတယ်။ ပူတင်ကလည်း ယူကရိန်းက ထိန်းချုပ်ထားတဲ့ ရုရှားနိုင်ငံတောင်ပိုင်းနဲ့ အရှေ့ပိုင်းနယ်မြေကနေ ပြန်လည်ဆုတ်ခွာဖို့ တောင်းဆိုထားပြီး ယူကရိန်းနဲ့ နေတိုးအုပ်စုအကြား အနီးကပ်ဆက်ဆံမှုကို လက်ခံမှာ မဟုတ်ဘူးလို့ စဉ်းစားရပါတယ်။
လက်ရှိမှာ ရုရှားကလည်း သူ့အနေနဲ့ ယူကရိန်းနယ်မြေငါးခုဖြစ်တဲ့ ခရိုင်းမီးယား၊ ဒွန်တက်စ်ခ်၊ ခါဆန်၊ လူဟန့်စ်ခ် နဲ့ ဇာပိုရစ်ဇီးယား တို့ကို ဝင်ရောက်တိုက်ခိုက်ထားတယ်ဆိုပါတယ်။ ဒါပေမယ့် အပြည့်အဝ သိမ်းပိုက်ထားတာတော့ မဟုတ်ပါဘူး။
Ref- AFP