
၁၀.၂. ၂၀၂၅
Written by Nay Moe
မြိုင်မြို့ပေါ်ကို PDF လက်နက်ကိုင်တွေက ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တာကြောင့် မြိုင်မြို့၊ အမှတ် (၂) ရပ်ကွက်က သုခရိပ်ငြိမ်ကျောင်းတိုက်အတွင်း ကျရောက်ပေါက်ကွဲလို့ အမျိုးသားတစ်ဦးသေဆုံးပြီး ဆရာတော်တစ်ပါးဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဖြစ်စဥ်က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက် နံနက် ၈ နာရီ ၄၀ မိနစ်မှာ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်ကို PDF အဖွဲ့က အများပြည်သူထိခိုက်ဒဏ်ရာရရှိစေဖို့ရည်ရွယ်လို့ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရပ်ကွက်အတွင်းရှိ သုခရိပ်ငြိမ်ဘုန်းကြီးကျောင်းဝင်းအတွင်း ရှော့တိုက်ဒုံးသီးတစ်လုံးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် ဘုန်းကြီးကျောင်းထဲ ရှိနေတဲ့ မြိုင်မြို့၊ အမှတ်(၁) ရပ်ကွက်နေ ဦးသူရကျော် (ခ)ကိုဂျက်(၄၀)နှစ်ဟာ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများစွာရရှိကာ အပိုင်းပိုင်းပြတ် သေဆုံးသွားခဲ့တာပါ။




ဒါ့အပြင် ဆရာတော် ဦးပညာဝံသ(၆၂)နှစ် (၅)ဝါမှာလည်း ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများစွာရရှိခဲ့လို့ ဆေးကုသနိုင်ရေးအတွက် မြိုင်မြို့နယ်ပြည်သူ့ဆေးရုံထံ ပို့ဆောင်ကုသထားရှိရတယ်လို့ သိရပါတယ်။
နွေဦးတော်လှန်ရေးစတင်ချိန်ကနေ ၂၀၂၄ ခုနှစ် အကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ကျော်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF, EAOs တို့ သတ်ဖြတ်မှု ခံထားရပါတယ်။