
၁၀.၂.၂၀၂၅
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက နိုင်ငံရဲ့ အနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်အတွင်းမှာရှိတဲ့ ကမ္ဘာလှည့်ခရီးသွားများ အထူးလာရောက်မယ့်လည်ပတ်ရာ စစ်ဆောင်ပန္နား ကိုယ်ပိုင်အုပ်ချုပ်ရေးစီရင်စုကို လာရောက်လည်ပတ်မယ့် အာဆီယံနိုင်ငံတွေက ခရီးသွားအုပ်စုတွေကို ဗီဇာလွတ်ငြိမ်းခွင့် ခြောက်ရက်အထိ ပေးမယ်ဆိုတဲ့ ဗီဇာကင်းလွတ်ခွင့်မူဝါဒတစ်ရပ်ကို ဖေဖော်ဝါရီလ ၁၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒီလိုဆောင်ရွက်ချက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကို ကမ္ဘာလှည့်ခရီးသွားတွေ ပိုမိုလာရောက်ကြစေဖို့ ဆောင်ရွက်ချက်တစ်ရပ်လို့လည်း ဆိုရမှာပါ။ ဒီလို ဆောင်ရွက်မှုကြောင့် တရုတ်နဲ့ အာဆီယံနိုင်ငံတွေကြား အပြန်အလှန်ခရီးသွားလာမှု ကျယ်ပြန့်လာစေဖို့ မျှော်လင့်ရတဲ့အပြင် နှစ်ဖက်ကြား ပြည့်စုံတဲ့ မဟာဗျူဟာမြောက်မိတ်ဖက်အခြေအနေကို ပိုမိုနက်ရှိုင်းစေမယ်လို့လည်း ယူဆရတယ်လို့ အမျိုးသား လူဝင်မှုကြီးကြပ်ရေး စီမံခန့်ခွဲမှုအဖွဲ့ (NIA) က ပြောခဲ့ပါတယ်။

တရုတ်ခရီးသွားအေဂျင်စီတွေနဲ့ ဆက်သွယ်ပြီး စစ်ဆောင်ပန္နားကို လာရောက်လည်ပတ်မယ့် ခရီးသွား အုပ်စုတွေဟာ ဒေသအတွင်းကို စစ်ဆောင်ပန္နား ဂါဇာ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မိုဟန်ရထားလမ်းနဲ့ မိုဟန်သင်္ဘောဆိပ်တို့က ဝင်ရောက်နိုင်ကြမှာပါ။
စစ်ဆောင်ပန္နားဒေသကို ဗီဇာကင်းလွတ်ခွင့်ပြုတဲ့ အာဆီယံနိုင်ငံတွေမှာတော့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာအပူ၊ ထိုင်း နဲ့ ဗီယက်နမ်တို့ ပါဝင်ပါတယ်။
တရုတ်အစိုးရက ခရီးသွားတွေအပြန်အလှန်လည်ပတ်သူဦးရေများလာစေဖို့ ဗီဇာကင်းလွတ်ခွင့် မူဝါဒတွေကိုတိုးမြှင့်ပေးခဲ့တဲ့အပြင် ပြည်သူများအကြားအပြန်အလှန် လည်ပတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံ ခြားခရီးသွားတွေနဲ့ အလုပ်ကိစ္စခရီးသွားတွေကို ဗီဇာကင်းလွတ်ခွင့် ပိုမိုခွင့်ပြုခဲ့ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံနဲ့ အခြား ၂၅ နိုင်ငံအကြားမှာ အပြန်အလှန်ဗီဇာကင်းလွတ်ခွင့် သဘောတူထားပါတယ်။ ၃၈ နိုင်ငံနဲ့တော့ တစ်ဖက်သတ်ဗီဇာကင်းလွတ်ခွင့်ပြုထားပြီး ၅၄ နိုင်ငံနဲ့ နိုင်ငံဖြတ်သန်းခွင့်ဗီဇာသဘောတူ ထားတယ်လို့ သိရပါတယ်။
ကင်းလွတ်ခွင့်ဆောင်ရွက်ချက်တွေကြောင့် ၂၀၂၅ ဇန်နဝါရီလ ၂၈ ရက်မှ ဖေဖော်ဝါရီ လ ၄ ရက်အထိကျင်းပခဲ့တဲ့ ဆောင်းရာသီ အာရှအားကစားပွဲကို ခရီးသွားတွေ ပိုမိုလာရောက်ခဲ့ကြပါတယ်။ အားလပ်ရက်အတွင်း နယ်စပ်ဖြတ်ကျော်ခရီးသွား ၉၅၈,၀၀၀ ဦးရှိကာ အရင်နှစ် ဆောင်းရာသီ အာရှအားကစားပွဲထက် ခရီးသွား ၂၂ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။
Ref- Xinhua