MT News
ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းတွင် Honda Fit ယာဥ်တစ်စီး လမ်းဘေးသစ်ပင်တိုက်မိရာမှ တိမ်းမှောက်ကာ ယာဥ်ပေါ်ပါ အမျိုးသားခြောက်ဦးအနက် လေးဦးသေဆုံးမှု ယမန်နေ့က ဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်မှာ ဇန်နဝါရီ ၁၅ ရက် နေ့လယ် ၂ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၁၀၀/၇) တွင် HONDA Fit ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိကုက္ကိုလ်ပင်အား ဝင်ရောက်တိုက်မိကာ လမ်းဘေးမြောင်းထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်တံခါးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၆)ဦးအနက် ကျား(၄)ဦး(သေဆုံး)၊ ကျား(၂)ဦးထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)တို့အား ကျောက်တံခါးနာရေးကူညီမှုအသင်းမှ သူနာတင်ယာဉ်ဖြင့် ကျောက်တံခါးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။