
၁၀.၂. ၂၀၂၅
Written by Nay Moe
TNLA နယ်မြေလုယက်သိမ်းယူထားပြီး စစ်တိုက်ဖို့ငွေရှာနေတဲ့ မိုးကုတ်က ကျောက်လုပ်ကွက်တစ်ခုကို ဒီမနက်မှာ လေကြောင်းတိုက်ခိုက်လိုက်လို့ အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၉ ဦးရှိတယ်လို့ TNLA က ဒီညနေမှာ ဝန်ခံချက် ထပ်မံထုတ်ပြန်လာပါတယ်။

TNLA က တိုက်ခိုက်သိမ်းယူထားပြီး တပ်မဟာ (၂) နယ်မြေလုပ်ဆောင်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ကို ဒီနေ့မနက် ၁ နာရီအချိန်မှာ လေကြောင်းနဲ့ ဗုံးလာရောက်ကြဲချ တိုက်ခိုက်ခဲ့တာလို့ TNLA က ဒီနေ့မနက် ၇ နာရီ မိနစ် ၂၀ မှာကနဦးထုတ်ပြန်ခဲ့ပြီး ဒီတိုက်ခိုက်မှုမှာ ဝင်းထရံကျောက်လုပ်ကွက်နေရာကို Y 12 လေယာဥ်နဲ့ ၇ ကြိမ်ခန့်တိုက်ခိုက်ကာ ဗုံးအလုံးရေ ၂၀ ကျော်ကြဲချပြီး လူ ၄ ဦးသေဆုံးသလို လူ ၂၀ ခန့် ဒဏ်ရာရတယ်လို့လည်း TNLA ထိန်းချုပ်မီဒီယာ ရွှေဖီမြေနဲ့ TNLA ထောက်ခံတဲ့ ခေတ်သစ်အပါအဝင် မီဒီယာတချို့က ဖော်ပြပါတယ်။
အဲဒီလို ထုတ်ပြန်အပြီးမှာ မိုးကုတ်ကို ဒီမနက် တိုက်ခိုက်မှုကြောင့် TNLA လက်နက်ကိုင်တွေ စစ်ပွဲဆက်လက်ဆင်နွှဲဖို့ ငွေရှာဖွေရှာ ကျောက်မျက်လုပ်ကွက်ကို တိုက်ခိုက်ခံရတာဖြစ်လို့ TNLA လက်နက်ကိုင် ၃၀ ခန့်သေဆုံးတယ်လို့လည်း မှတ်ချက်ပြုမှုတွေ၊ တယ်လီဂရန်သတင်းဌာနတွေက ရေးသားဖော်ပြမှုရှိခဲ့ပါတယ်။


အဲဒီနောက် ဒီညနေ ၃ နာရီ ၃၄ မိနစ်မှာ TNLA က ဆက်လက် သတင်းထုတ်ပြန်ရာမှာတော့ ဖေဖော်ဝါရီ ၁၀ ရက်ကူးစ ညသန်းခေါင်အချိန်မှာ ဗုံးအလုံး ၂၀ ခန့် လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုကြောင့် အမျိုးသား ၅ ဦးသေဆုံးပြီး အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဒေသခံတို့နေအိမ်တွေ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ပြီး တိုက်ခိုက်ခံရတဲ့နေရာဟာ TNLA လက်နက်ကိုင်တွေ အခြေပြုငွေရှာနေတဲ့ ဝင်းထရံကျောက်လုပ်ကွက်နေရာဆိုတာကို ဖုံးကွယ်လိမ်လည်ထုတ်ပြန်ခဲ့သလို သေတဲ့ အမျိုးသား ငါးဦးကိုလည်း ဒေသခံလို့ ပြောခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးနှစ်ခုနဲ့ အစပြုပြီး မြို့ ၉၀ ကျော်သိမ်းယူထားတဲ့ MNDAA ၊ TNLA ၊ AA နဲ့ PDF အပါအဝင် အခြား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ အဖွဲ့တွေကို တုံ့ပြန်တော့မှာဖြစ်လို့ ပြည်သူကို လူသားဒိုင်းလို အကာ အကွယ်ယူနေတဲ့ အကြမ်းဖက်အဖွဲ့တွေအနီး မနေဖို့ အစိုးရက မနှစ်က စက်တင်ဘာလဆန်းကအစ သတိပေးထားသလို နိုင်ငံပိုင်မီဒီယာတွေကလည်း နေ့စဥ်သတိပေးနေပေမဲ့ ဒီ သတိပေးချက်ကို လျစ်လျူရှုကြတာကြောင့် လက်နက်ကိုင်တွေအပြင် အကြမ်းဖက်အဖွဲ့အစည်းတွေအနီး လူသားဒိုင်းဖြစ်နေသူတွေလည်း သေဆုံးရမှုအချို့ရှိနေသလို အကြမ်းဖက်အဖွဲ့တွေကလည်း လက်နက်ကိုင်တွေသေဆုံးရင်တောင် ပြည်သူသေဆုံးတယ်လို့ပဲ လိမ်လည်ထုတ်ပြန်ကြပါတယ်။