
၁၀.၂.၂၀၂၅
Translated by Htwe Ko Tun
မြန်မာနိုင်ငံအတွင်း ကရင်လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA) က သူတို့ ထိန်းချုပ်ထားတဲ့နယ်မြေတွေအားလုံးမှာ တရားမဝင် လည်ပတ်နေတဲ့ကျားဖြန့်စခန်းတွေနဲ့ တခြားဥပဒေနဲ့ဆန့်ကျင်တဲ့ လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေ အားလုံး ဒီလကုန်နောက်ဆုံးထားပြီး ထွက်ခွာကြဖို့ ဖေဖော်ဝါရီလ ၉ ရက်မှာ သတိပေးရာဇသံ ထုတ်ပြန်ခဲ့ပါတယ်။
တစ်ပြိုင်ထဲမှာပဲ ထိုင်းအာဏာပိုင်တွေကလည်း ဒုစရိုက်ဂိုဏ်းတွေက မြန်မာနိုင်ငံအတွင်း လောင်စာဆီတွေ ခိုးယူတင်သွင်းနေတာကို ဖြိုခွင်းဖို့ အရှိန်မြှင့်လုပ်ဆောင်လာသလို ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့တင်ပို့ပေးနေတဲ့ လျှပ်စစ်ဓာတ်အား၊ ဓာတ်ဆီနဲ့ ဒီဇယ်ဆီတို့ကိုလည်း ဒုစရိုက်ဂိုဏ်းတွေက ရယူသုံးစွဲမှုတွေ ရှိခဲ့တာကြောင့် ပိတ်ပင်မှုတွေပြုခဲ့ပါတယ်။
DKBA က ဖေဖော်ဝါရီလ ၉ ရက်မှာ ကြေညာချက်နှစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။
ဒုတိယကြေညာချက်မှာက တရုတ်လူမျိုးတွေရဲ့ ဥပဒေနဲ့မညီတဲ့ လောင်းကစားစခန်းတွေ၊ ကာစီနိုရုံတွေ ဒါမှမဟုတ် စားသောက်ဆိုင်တွေ၊ တရားမဝင်ကုန်သွယ်ရေး ဒါမှမဟုတ် ဥပဒေနဲ့မညီတဲ့ အွန်လိုင်းလိမ်လည်မှု ကျားဖြန့်စခန်းတွေ အားလုံးဟာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလကုန်နောက်ဆုံးထားပြီး ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်အတွင်းမှ ထွက်ခွာကြဖို့ ဖော်ပြထားပါတယ်။
ဒါကိုမလိုက်နာကြရင်တော့ ဥပဒေအရ နောက်ဆက်တွဲအရေးယူမှုတွေကို ခံရမယ်လို့ ကြေညာချက်က ဆိုပါတယ်။
DKBA မှဗိုလ်မှူးကြီး စောအေဝမ်က နယ်မြေအတွင်း တရုတ်လူမျိုးတွေဝင်ရောက်မှုကို တားဆီးနိုင်ဖို့ ကင်းလှည့်မှုတွေနဲ့ အခြားဆောင်ရွက်ချက်တွေကို DKBA ကပိုမိုပြုလုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။
DKBA က ဒေသခံပြည်သူတွေကို ပူးပေါင်းဆောင်ရွက်ကြဖို့ ကြေညာချက်ကို ဖေဖော်ဝါရီလ ၉ ရက်မှာ ထုတ်ပြန်အပြီး မကြာခင်လေးမှာပဲ သတိပေးရာဇသံကိုလည်းထုတ်ပြန်ခဲ့တာပါ။
DKBA အနေနဲ့ ထိုင်းအစိုးရက လျှပ်စစ်ဓာတ်အားပြန်လည်ထောက်ပံ့ရေးနဲ့ လောင်စာဆီပြန်လည် ပို့ပေးရေးတို့အတွက် သူ့အဖွဲ့အစည်းအပေါ် ယုံကြည်မှုရှိအောင် လုပ်ဆောင်နေတယ်လို့လည်း ဆိုရမှာပါ။ ဘုရားသုံးဆူမြို့နယ်က ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီပြည်နယ်အတွင်းရှိ ဆန်ခလာ ဘူရီခရိုင်နဲ့ နယ်စပ်ချင်း ထိစပ်နေတာပါ။ ဒီမြို့နယ်နဲ့ အနားပတ်ဝန်းကျင်ဒေသက DKBA တပ်ဖွဲ့ရဲ့ ဩဇာလွှမ်းမိုးမှုအောက်မှာ ရှိနေပါတယ်။
Ref- Bangkok Post