
၁၀. ၂. ၂၀၂၅
Written by Nay Moe
စလင်းမြို့နယ် အုန်းတောရွာအနီး စစ်ကြောင်းထိုးလာသော လုံခြုံရေးတပ်ဖွဲ့ကို PDF လေးဖွဲ့ပေါင်းတိုက်ရာမှ မင်းဘူးခရိုင်အမှတ် (၅) တပ်ရင်း PDF အဖွဲ့၏ တပ်ခွဲမှူး ဦးခေါင်းထိမှန်သေဆုံးသွားခဲ့သည်။



တိုက်ပွဲဖြစ်စဥ်မှာ ယမန်နေ့ ဖော်ဝါရီလ၉ရက်နေ့တွင် NUG ၏ အမှတ် – ၁ စစ်ဒေသ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း၏ စစ်ရေးလှုပ်ရှားနယ်မြေဖြစ်သော မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ အုန်းတောရွာအနီးတွင် စစ်ကြောင်းထိုးလာသော တပ်ဖွဲ့နှင့် PDF လေးဖွဲ့တိုက်ပွဲဖြစ်ခဲ့သည်။
အင်အား ၁၀၀ ပေါ်ပါဝင်သော ကား ၇ စီးနှင့် ကံပြားရဲစခန်းသို့ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ရောက်ရှိလာပြီး ဖေဖော်ဝါရီ ၉ ရက်နေ့တွင် လင်းဇင်းတိုက်နယ်၊ ဆည်ကံရွာဘက်သို့ နံနက် ၈ နာရီခန့်တွင်ရောက်ရှိလာကာ PDF ခိုလှုံရာ အုန်းတောရွာဘက်သို့ ပစ်ခတ်နယ်မြေရှင်းလင်းရာမှာ နံနက် ၉ နာရီခွဲအချိန်တွင် အပြန်အလှန်ထိတွေ့ တိုက်ပွဲဆင်နွှဲခဲ့သည်။



နယ်မြေရှင်းလင်းသည့် စစ်ကြောင်းက လင်းဇင်းရွာရှိတပ်များနှင့်ပေါင်းကာ အင်အား ၁၅၀ ကျော်နှင့် စစ်ကြောင်းသုံးကြောင်းခွဲကာ ဖြန့်တက်လာခဲ့ပြီး မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း၊ မင်းဘူးခရိုင် အမှတ် (၁) တပ်ရင်း၊ ဒေါင်းစစ်အောင် (LPDF)နှင့် Burma Army (BA)အဖွဲ့တို့ဖြင့် အချိန် ၂ နာရီကျော် တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲအတွင်း မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်းမှ တပ်ခွဲမှုး နဂါးလေး(ခ)နိုင်ထက်ဦး ကိုယ်ပိုင်နံပါတ် P14205 080 သည် ဦးခေါင်းကျည်ထိသေဆုံးခဲ့သည်ဟု သိရပြီး PDF အဖွဲ့များကလည်း ဝမ်းနည်းသဝဏ်လွှာပေးပို့ကြသည်ကို မင်းဘူး PDF ၏ ထုတ်ပြန်ချက်အရ သိရသည်။