အမျိုးသမီးသုံးဦးအပါအဝင်လေးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်အရေးယူမည်ဟု NUG ပြော
၁၆. ၁. ၂၀၂၃
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ဇန်နဝါရီ ၁၄ ရက်က အိမ်ထောင်စုလူဦးရေစာရင်းကောက်ယူသူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦးကို NUG ၏ ဩဇာခံ MRA က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမျိုးသမီးဝန်ထမ်း သုံးဦး၊ အမျိုးသားဝန်ထမ်းတစ်ဦး၊ စုစုပေါင်း လေးဦးသည် မကြာမီ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအတွက် အိမ်ထောင်စုလူဦးရေစာရင်းကောက်ယူရန် သွားရောက်ရာမှ NUG ၏ ဩဇာခံ စစ်ကိုင်းခရိုင် တပ်ရင်း(၅ ) MRA ၏ ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့ (၄) ဦးအား စစ်ကိုင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ NUG ၏ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေသည်ဟု NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ထားသည်။
SAC ၏ တာဝန်ယူမှုအပြီး ခြောက်လအတွင်း ကျင်းပမည့်ရွေးကောက်ပွဲကို ပျက်အောင်ဖျက်မည်ဟု NUG က ကြွေးကြော်ထားကာ ၂၀၂၃ ဇန်နဝါရီ ၉ ရက်မှစတင်ကာ လူဦးရေစာရင်းကောက်ယူချိန်မှ ယခုအချိန်အထိ မဲစာရင်းကောက်ယူသူဝန်ထမ်းများကို သတ်ဖြတ်ခြင်းနှင့် ဖမ်းဆီးခြင်း၊ ဗုံးခွဲခြင်းများကို NUG နှင့် PDF များက နေ့စဥ်ပြုလုပ်နေသည်။