
၁၀.၂.၂၀၂၅
Translated by Htwe Ko Tun
ဂျပန်နိုင်ငံ၊ မြို့တော်တိုကျိုအနီး၊ ယာရှီအိုမြို့၊ ဆေးတားမားစီရင်စုတွင် ဇန်နဝါရီလ ၂၈ ရက် နံနက်က မော်တော်ကားလမ်းပြိုကျ၍ မြေအောက်တွင်းနက်ကြီးတစ်ခုအတွင်းသို့ မောင်းနှင်လာသော ထရပ်ကားနှင့်အတူ ကျရောက်ပျောက်ဆုံးနေသော အသက် ၇၄ နှစ်ရှိ ထရပ်ကားယာဉ်မောင်းဖြစ်သူအား ရှာဖွေမှုကို အာဏာပိုင်များက ဖေဖော်ဝါရီလ ၉ ရက်က တရားဝင် ဆိုင်းငံ့ခဲ့ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့ကြသည်။


အဆိုပါတွင်းကြီးအတွင်းသို့ ရေစိမ့်ဝင်လာမှုကြောင့် စက်ယန္တရားကြီးများဖြင့် ရှာဖွေရေးလုပ်ငန်းကို ခေတ္တရပ်ဆိုင်းခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၉ ရက်နံနက်တွင် ပြန်လည်၍ စတင်ခဲ့ကြခြင်းဖြစ်သည်။ သို့သော် ပြန်လည်စတင်ပြီးနောက် မကြာမီမှာပင် တွင်းအတွင်း၌ ရေများတိုးဝင်လာရာ ကယ်ဆယ်ရေးသမားများ၏ လုံခြုံစိတ်ချရမှုအတွက် စိုးရိမ်ရသောကြောင့် ဤသို့ တရားဝင် ဆိုင်းငံ့ခဲ့ရသည်ဟု ဆိုသည်။
သို့သော် ဇန်နဝါရီလ ၂၈ ရက်၊ နံနက် ၉ နာရီ မိနစ် ၅၀ ခန့်က ဖြစ်ပွားခဲ့သော အဆိုပါ မော်တော်ကားလမ်းပေါ် ၌ မြေပြိုကျပြီး တွင်းကြီးဖြစ်ကာ ထရပ်ကားနှင့်ယာဉ်မောင်းဖြစ်သူသို့ ကျရောက်ခဲ့မှု၌ ယာဉ်မောင်းဖြစ်သူအား ကယ်ဆယ်နိုင်ရေး ဆောင်ရွက်မှုများမှာ နှစ်ပတ်နီးပါးကြာလာပြီဖြစ်သော်လည်း ယာဉ်မောင်းနှင့် ပတ်သက်၍ သက်သေအထောက်အထားတစ်စုံတစ်ရာမှ မတွေ့ရှိသေးခြင်းလည်းဖြစ်သည်။ မြေပြိုကျမှုက မြေအောက်ရှိအညစ်အကြေးပိုက်များ ဆိုးရွားစွာပျက်စီးရာမှ ဖြစ်ပေါ်ရခြင်းဟုလည်း ယူဆကြသည်။

ထို့ပြင် ထိုတွင်းကြီးက မူလကထက် ပို၍ကျယ်ပြန့်ကာ ပြိုကျလာနေသောကြောင့်လည်း အာဏာပိုင်များက ရှာဖွေရေးလုပ်ငန်းကို ရပ်ဆိုင်းခဲ့ရခြင်းဟုဆိုသည်။ မီးသတ်သမားများက လူဆင်းပေါက်များမှတစ်ဆင့် အနီးပတ်ဝန်းကျင်တစ်ဝိုက် အညစ်အကြေးပိုက်များအတွင်းသို့ပါ ဝင်ရောက်၍ရှာဖွေနေကြခြင်းလည်းဖြစ်သည်။
ယာရှီအိုမြို့အတွင်း လမ်းဆုံတစ်ခု၌ဖြစ်ပွားခဲ့သော ထိုမြေပြိုကျမှုတွင် ပျောက်ဆုံးသော ထရပ်ကားယာဉ်မောင်း၏ ထိုင်ခုံဟုယူဆရသော အပိုင်းတစ်ခုကို လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းက ပြိုကျတွင်းနက်မှ အစုန်ဘက် မီတာ ၁၀၀ မှ ၂၀၀ ခန့်အကွာ အညစ်အကြေးစွန့်ပိုက်တစ်ခုအတွင်း ကယ်ဆယ်ရေး မီးသတ်သမားများက တွေ့ခဲ့ကြသေးသည်။ သို့သော် ယာဉ်မောင်း၏ ကံကြမ္မာကိုမူ အတိအကျမပြောနိုင်သေးပေ။
Ref- Japan Times