
၁၀. ၂. ၂၀၂၅
Written by Nyein Kyaw
ပြည်ထောင်စုအဆင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲအား နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်းတွင် ယနေ့မှစတင်၍ ၅ ရက်တိတိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားခြောက်မျိုးအတွက် လုပ်ငန်းရှင်ပေါင်း ၁၉၃ ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။


MSME လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်း လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရုံသာမကဘဲ ပြည်ပနိုင်ငံများသို့ပါ တင်ပို့နိုင်သည့် အရည်အသွေးပြည့်မီသော အဆင့်မီထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်သည်အထိ ပြည်တွင်း MSME ထုတ်ကုန်အသစ်များ ပေါ်ပေါက်လာစေရေးရည်ရွယ်၍ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ အစီအစဉ်ဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲအခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ ကျင်းပနေခြင်းဖြစ်သည်။
အဆိုပါပြပွဲနှင့် ပြိုင်ပွဲကြီးတွင် ဆုရွေးချယ်ရေးနှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီဥက္ကဋ္ဌအဖြစ် ဒုတိယဝန်ကြီး ဦးမြင့်စိုးက ဦးဆောင်ပြီး ပြိုင်ပွဲကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ် ၁၆ ၌ ဖေဖော်ဝါရီ ၇ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အသေးစား (Micro) ထုတ်ကုန်ဆုအတွက် ပြိုင်ပွဲဝင်လုပ်ငန်းရှင် ၂၉ ဦး၊ အငယ်စား( Small) ထုတ်ကုန်ဆုအတွက် ပြိုင်ပွဲဝင်လုပ်ငန်းရှင် ၃၄ ဦး၊ အလတ်စား(Medium) ထုတ်ကုန်ဆုအတွက် ပြိုင်ပွဲဝင်လုပ်ငန်းရှင် ၂၈ ဦး၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP) ထုတ်ကုန်ဆုအတွက် ပြိုင်ပွဲဝင်လုပ်ငန်းရှင် ၃၅ ဦး၊ ကုန်ထုတ်သမဝါယမအသင်း စွမ်းဆောင်ရည်ဆုအတွက် သမဝါယမအသင်း ၂၅ သင်း၊ အသေးစားစက်မှုလက်မှုထုတ်ကုန်ဆုအတွက် ပြိုင်ပွဲဝင်လုပ်ငန်းရှင် ၄၂ ဦး စုစုပေါင်း ၁၉၃ ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
အဆိုပါ MSME ထုတ်ကုန်ပြပွဲတွင် ပြခန်းစုစုပေါင်း (၉၆) ခန်းဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ရောင်းချပေးခဲ့ပြီး ပြိုင်ပွဲအမျိုးအစား ခြောက်မျိုးအတွက် ဆု ၃၁ ဆု ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်ပြီး ဆုရရှိသည့် လုပ်ငန်းရှင်များကို Digital Trophy ဂုဏ်ပြုလက်မှတ်နှင့် ငွေသားဆုများအား ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပသည့် တပေါင်းကွင်း၌ ဆုချီးမြှင့်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။