
လက်ကျန်ဘဏ္ဍာနှစ် နှစ်လအတွင်း လစဉ်တင်ပို့ရမည့်ပမာဏကိုသာ တင်ပို့နိုင်ပါက ယခုနှစ်လျာထားချက် တန်ချိန် ၂ သန်းခွဲ ကျော်လွန်မည်
၁၀. ၂. ၂၀၂၅
Written by Nyein Kyaw
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ ၁၀ လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၂၄၄ သန်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၁ ဒသမ ၀၄၉ ဘီလျံအထိရရှိခဲ့သလို ယခုဘဏ္ဍာနှစ် လျာထားချက်၏ ၉၀ ရာခိုင်နှုန်းအထိ တင်ပို့ထားနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။
ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည့်သို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ ဒသမ ၅ သန်း (တစ်လလျှင် တန်ချိန် ၂ သိန်းကျော်) တင်ပို့ရန်လျာထားခဲ့သော်လည်း ၂၀၂၄ ခုနှစ် ဧပြီလမှ ဇူလိုင်လအထိ လေးလဆက်တိုက် လျာထားချက်တန်ချိန် ၂ သိန်းကျော် ပြည့်မီခြင်းမရှိဘဲ အချို့လများတွင် တန်ချိန်တစ်သိန်းအောက်သာ တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ယခင်က ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းအထိသာ လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုခဲ့ရာမှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက်မှစတင်၍ ပို့ကုန်ရငွေ ၇၅ ရာခိုင်နှုန်းအထိ လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုကြောင်း ဗဟိုဘဏ်မှ ဖြေလျှော့ပေးခဲ့ပြီးနောက် အဆိုပါ ဩဂုတ်လ၌ပင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ သိန်းကျော် တင်ပို့နိုင်ခဲ့ပြီး ပထမဆုံးလျာထားချက် ပြည့်မီခဲ့ခြင်းဖြစ်သည်။
ထို့နောက် လစဉ်လျာထားချက် ခြောက်လဆက်တိုက်ပြည့်မီခဲ့ပြီး အောက်တိုဘာတွင် တန်ချိန် ၄၂၄,၇၈၄ တန် (လျာထားချက်နှစ်ဆ)၊ နိုဝင်ဘာလအတွင် တန်ချိန် ၃၃၄,၅၃၅ တန် (လျာထားချက်တစ်ဆခွဲ)၊ ဒီဇင်ဘာလတွင် တန်ချိန် ၃၃၇,၄၉၀ တန် (လျာထားချက်တစ်ဆခွဲကျော်)၊ ဇန်နဝါရီလတွင် တန်ချိန် ၂၀၉,၅၉၉ တန်အထိ တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။
ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရန် လျာထားချက် တန်ချိန် ၂ သန်းခွဲထက် ပို၍တင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်က အသင်းချုပ်နှစ်ပတ်လည်အစည်းအဝေးနှင့် အထွေထွေညီလာခံတွင် ထုတ်ပြန်သည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ၂၀၂၄ ခုနှစ် အစီရင်ခံစာတွင် ပြောထားသည်။
ထို့ကြောင့် လက်ကျန်ဘဏ္ဍာနှစ် နှစ်လတာကာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရန် လစဉ်လျာထားချက် တစ်လလျှင် တန်ချိန် ၂ သိန်းကျော် ထပ်မံတင်ပို့နိုင်မည်ဆိုပါက ယခုဘဏ္ဍာနှစ်အတွက် လျာထားချက်ပမာဏ တန်ချိန် ၂ သန်းခွဲအား ပြည့်မီကျော်လွန်နိုင်မည်ဖြစ်သည်။