
၁၀.၂.၂၀၂၅
Written By MT
ဘုရားသုံးဆူမြို့တွင် အွန်လိုင်းငွေကြေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများမရှိမှသာ ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးနှင့် လောင်စာဆီများ ယခင်အတိုင်း ပြန်ပေးမည်ဖြစ်ကြောင်းသိရသည်။
ယင်းကြောင့် လျှပ်စစ်မီးနှင့် လောင်စာဆီများ ယခင်အတိုင်း ပြန်လည်ရရှိစေရေး လုပ်ဆောင်မည်ဟု DKBA က ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက်က ထုတ်ပြန်ထားသည်။


ထိုင်း-မြန်မာနယ်စပ်၌ တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို တိုက်ဖျက်ရန် ထိုင်းအစိုးရက ဘုရားသုံးဆူမြို့ အပါအဝင် နယ်စပ်မြို့များသို့ လျှပ်စစ်မီးနှင့် လောင်စာဆီတင်ပို့ခြင်းတို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်တွင် စတင်ဖြတ်တောက်ခဲ့သည့်အပေါ် အထက်ပါအတိုင်းထုတ်ပြန်ခြင်းလည်းဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် ဘုရားသုံးဆူမြို့နေ ပြည်သူများအနေဖြင့် လျှပ်စစ်မီးပြတ်တောက်မှုနှင့် ဆက်နွှယ်သော လူမှုစီးပွား ထိခိုက်နစ်နာမှုများကို ခံစားနေကြရသည့်အတွက် လူမှုစီးပွား ထိခိုက်နစ်နာမှုများကို လျော့ပါးသက်သာစေရေး တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ လာရောက် အခြေချလုပ်ဆောင်နိုင်ခြင်း မရှိစေရန် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ အမှတ် (၂) နည်းဗျူဟာအနေဖြင့် အစွမ်းကုန် ကြိုးပမ်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဘုရားသုံးဆူမြို့တွင် တရားမဝင်အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစားလုပ်ငန်းများ လုပ်ဆောင်ခြင်း မရှိကြောင်း ထိုင်းအစိုးရ၏ယုံကြည်မှုရရှိလျှင် ဘုရားသုံးဆူမြို့သို့ ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးနှင့် လောင်စာဆီ တင်ပို့မှုများကို ယခင်အတိုင်း ပြန်လည် လုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။