
၁၀.၂.၂၀၂၅
Written By Thandar
ဖေဖော်ဝါရီ ၉ ရက် ညပိုင်းက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ၂၀၂၄ ခုနှစ်မြန်မာရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ “အိပ်မက်ကာရန်” Musical ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ထားတဲ့ သရုပ်ဆောင် အောင်မိုးဦး ဝတ်ဆင်လာတဲ့ ပွဲတက်ဖက်ရှင်မှာ လက်ကိုင်ထားတာက ဘုရားပုံနဲ့တူနေတဲ့အမျိုးသမီးပုံဖြစ်နေတာကြောင့် ဝေဖန်မှုတွေပေါ်လာပါတယ်။



“မိုး အခု ကိုင်ရိုက်ထားတဲ့ မျက်နှာဖုံးပုံဟာ ဗုဒ္ဓမြတ်စွာဘုရားရှင် ပုံတော်မဟုတ်ကြောင်းဖြေရှင်းပေးကြတဲ့ အသိပညာရှင် အတတ်ပညာရှင်များ အားလုံးကို ကျေးဇူးတင်ပါတယ်။ အခုလို ဒီစာကိုရေးဖို့ သေချာစွာစဉ်းစားပြီး ဖြေရှင်းလိုက်ပါတယ်နော်။ မြန်မာ့အနုပညာ ပန်းချီရှေးဟောင်း မျက်နှာဆွဲပုံတိုင်းက ဆင်တူယိုးမှားရှိတယ်ဆိုတာ ဒီပုံကြည့်ရင် ချက်ချင်းသိနိုင်ပါတယ်။ မိုးတို့အနေနဲ့ ပုဂံ နံရံဆေးရေးပန်းချီပုံတွေကို လေ့လာခြင်းဖြင့်လည်း ဆင်တူယိုးမှားဖြစ်နေတာကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။ ဒီမျက်နှာဖုံးကို အနုပညာအဟောင်းဆိုင်မှာ သေသေချာချာ မေးမြန်းပြီး ဝယ်ယူရိုက်ကူးထားတာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ငရဲအပယ်ဖြစ်မယ့်ကိစ္စ လုပ်စရာလားရှင်။ ဒါတွေကို စဉ်းစား ချင့်ချိန်နိုင်တဲ့သူတိုင်း သိပါတယ်နော်။ မျက်နှာဖုံးရဲ့ မျက်နှာအနေအထားကို သေချာလေ့လာကြည့်ရှုပြီး ဟုတ်မဟုတ်ဆိုတာကို မိုးကို ဝေဖန်အကြံပေးစေလိုပါတယ်ရှင်”လို့ သရုပ်ဆောင် အောင်မိုးဦးက ပြောပါတယ်။




“အကယ်ဒမီပွဲတက် ဖက်ရှင်ဆိုပြီး လိုင်းပေါ်မှာ ဘလိန်းနေတဲ့သူတွေ အဲ့ Post အောက်မှာ မန့်နေတဲ့သူတွေ သေခြာကြည့်ပါ။ ဗုဒ္ဓရုပ်ပွားတော်မဟုတ်ပါ။ ဗုဒ္ဓဘုရားရှင်က နားကပ်ပန်ပြီး ဆံတောက်လေးနဲ့ မြင်ဖူးကြလို့လား” ၊ ” အကယ်ဒမီပွဲတက် ဖက်ရှင်အဖြစ် ကိုင်ထားတာက ဘုရားပုံလား” ၊ “အမျိုးသမီးပုံလား အမျိုးမျိုးပြောနေကြလို့ ဝေခွဲပေးခဲ့ကြပါအုံး…ဒီလို ထင်ယောင်ထင်မှားလုပ်ရပ်မျိုးကတော့ မလုပ်သင့်တာ အမှန်ပါ…ဆင်ခြင်သင့်ပါတယ်”ဆိုတဲ့ ဝေဖန်မှုတွေ တက်လာလည်းဖြစ်ပြီး ဒီအပေါ်မှာ အောင်မိုးဦးက ပြန်လည် ရှင်းပြလာတာလည်းဖြစ်ပါတယ်။