နေတိုးရရှိထားတဲ့ အကယ်ဒမီဆု ၄ ဆုလုံးကို အမျိုးသားဇာတ်ဆောင်ဆုတွေနဲ့သာ ဆွတ်ခူးခဲ့





၉.၂.၂၀၂၅
Written By Thandar
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသား ရုပ်ရုပ်ဇာတ် ဆောင်ဆုကို နေတိုးက နှောင်ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုကို ရရှိခဲ့သလို နေတိုးရရှိထားတဲ့ အကယ်ဒမီဆု ၄ ဆုလုံးကို အမျိုးသားဇာတ်ဆောင်ဆုတွေနဲ့ ဆွတ်ခူးခဲ့တာပါ။
“ဘုရား တရား သံဃာ ဦးထိပ်မှာ ပန်ဆင်ပါတယ်။ ကျွန်တော့်ရဲ့ ၄ ဆုမြောက် အကယ်ဒမီရုပ်ကို မျှော်လင့်ပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ဇာတ်ကားမရိုက်ဘဲ နားထားရာက ပြန်ရိုက်တဲ့ကားလို့လည်း ပြောလို့ရပါတယ်။ ဒီကားအတွက် ခံစားမှုကို အချိန်အများကြီးပေးအပ်ခဲ့လို့ ဒီဆုရတယ်လို့ ထင်မိ ပါတယ်။ ရွှေနဒီထုတ်လုပ်ရေးနဲ့ ကျွန်တော့်စကား ကြားနေသူတိုင်းကို ကျေးဇူးတင်ပါတယ်။ အနုပညာသက်တမ်း ၂၅ နှစ်အတွင်း အားပေးကြသူတွေကို ကျေးဇူးပါတယ်။ နောက်တိုး ကျေးဇူးတင်ရမယ့် ၂ ယောက် ရှိပါတယ်။ ချစ်ဇနီးနဲ့သားလေးကိုလည်း ကျေးဇူးတင်ပါတယ်” လို့ အကယ်ဒမီနေတိုးက ပြောပါတယ်။
ရွှေနဒီရွှေရည် ထုတ်လုပ်ရေးရဲ့ နှောင်ဇာတ်ကားကို ဇာတ်လမ်း ရွှေဒုံးဘီအောင်၊ ဇာတ်ညွှန်း လွင်မင်းအံ့၊ ဒါရိုက်တာ အကယ်ဒမီဩရသက သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ နေတိုး ၊ ဖြိုးငွေစိုး ၊ တင်မောင်ဆန်းမင်းဝင်း ၊ သူရိယ ၊ ပိုးမမှီသာ ၊ နော်ဖောအယ်ထားတိုနဲ့ ပုံဖော်ထားကြပါတယ်။
ဒီဇာတ်ကားက ၁၉၅၇ ခုနှစ်က နာမည်ကြီးခဲ့တဲ့ ‘ဒေါက်တာအောင်ကျော်ဦး’ဇာတ်ကားနဲ့ ပရိသတ်ရင်ထဲ စွဲခဲ့တဲ့နေရာကို အကယ်ဒမီ နေတိုးက ‘နှောင်’ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အမည်နဲ့ ပြန်လည်ပုံဖော်ထားတာပါ။
မင်းသားနေတိုး ကတော့ ၂၀၀၉ခုနှစ်က “ မိုးညအိပ်မက်မြူ”ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသား ဇာတ်ဆောင်ဆု၊ ၂၀၁၅ ခုနှစ်က “နက္ခတ်မှားတဲ့တိုက်ပွဲ” ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၁၇ ခုနှစ်က “တာတေကြီး”ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားသူလည်းဖြစ်ပြီး ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီပေးပွဲမှာလည်း “နှောင်” ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသားဇာတ်ဆောင်ဆုကိုပဲ ထပ်မံရရှိခဲ့တာပါ။