
၉.၂.၂၀၂၅
Written By Zun
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံရဲစခန်းအချုပ်မှ အချုပ်ခန်းကိုဖောက်၍ အချုပ်သား ၄ ဦး ယနေ့ ဖေဖော်ဝါရီလ ၉ ရက်က ထွက်ပြေးကြရာ တစ်ဦးကို ပြန်လည် ဖမ်းမိထားပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
“မူးယစ်မှုက ၂ ယောက်။ ခိုးမှုက ၂ ယောက်။ အဲဒီထဲက တစ်ယောက်မိတယ်လို့ လောလောဆယ် သိရတယ်။ အခုကတော့ ထွက်ပြေးသွားတဲ့ သူတွေကို အမြန်ဖမ်းနိုင်ဖို့ သက်ဆိုင်ရာက လုပ်နေတယ်လို့ ပြောချင်ပါတယ်” ဟု ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။
ဖြစ်စဥ်မှာ ဖေဖော်ဝါရီလ ၉ ရက် နံနက်၂ နာရီခွဲခန့်အချိန်က အချုပ်ခန်းအလှည့်ကျလုံခြုံရေးအဖြစ် ရဲတပ်ကြပ် ခင်မောင် တာဝန်ထမ်းဆောင်နေချိန် အမျိုးသားအချုပ် ခန်းလက်ယာဘက်ထောင့် နှစ်တိုင်မြောက် သံတိုင်ကို အရှည် (၆)လက်မခွဲခန့်ရှိ သံဖြတ်လွှဖြင့် ဖြတ်၍ အချုပ်ခန်းအနောက်ဘက် လေဝင်ပေါက်ရှိ သံဇကာကိုဖြုတ်ကာ အချုပ်သား ၄ ဦး ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းလွတ်မြောက်သွားသူများမှာ ဒေါပုံမြို့မရဲစခန်း၊ မယ(ပ)၂/၂၀၂၅၊ မယ(ပ)၃/၂၀၂၅၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ အမှုမှ ရီမန်ဖြင့် ချုပ်နှောင်ထားရှိသည့် ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်နေသူ အသက် ၂၄ နှစ်အရွယ် တရားခံ သူရဇော်(ခ)အောင်ရဲလင်း၊ ဒေါပုံမြို့နယ်၊ မေတ္တာလမ်း ဗိုလ်ထွန်းဇံရပ်ကွက် နေသူ အသက် ၃၃ နှစ်အရွယ် တရားခံ ဝေယံအောင်(ခ) သင်္ဘောသီး၊ ဒေါပုံမြို့မရဲစခန်း (ပ)၆၇/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့်၅၄ အမှုမှ ရီမန်ဖြင့် ချုပ်နှောင်ထားသည့် ဒေါပုံမြို့နယ်၊ ဗိုလ်လရောင်လမ်း၊ ကြည်စုရပ်ကွက်နေသူ အသက် ၂၀ အရွယ် တရားခံ ညီညီခန့်(ခ) အသေးလေး၊ လှိုင်သာယာမြို့နယ်၊ ဇောတိကလမ်း၊ (၁၁)ရပ်ကွက်နေသူ အသက် ၁၇ နှစ်အရွယ် ကလေးသူငယ် တရားခံ ခန့်ထည်ဝါထွန်း တို့ (၄)ဦးတို့ဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် အဆိုပါသတင်းနှင့်ပတ်သက်၍ MT News က ဆက်လက်စုံစမ်းနေပြီး ထပ်မံသိရှိရသည်များကို ဆက်လက် ဖော်ပြပေးသွားမည် ဖြစ်သည်။