
၉. ၂. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်မှုအခြေအနေများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှု ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီး Gurudev Sri Sri Ravi Shankar တို့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ယင်းကဲ့သို့ တွေ့ဆုံစဉ် SAC ဥက္ကဋ္ဌက ကမ္ဘာတွင်ငြိမ်းချမ်းရေးရရှိရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်နေသည့် ပုဂ္ဂိုလ်ကြီးအနေဖြင့် ယခုကဲ့သို့ မြန်မာနိုင်ငံသို့ ကိုယ်တိုင်လာရောက်ခဲ့မှုအတွက် ဝမ်းမြောက်ကြိုဆိုပါကြောင်းဖြင့် နှုတ်ခွန်းဆက်စကားပြောကြားပြီး အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှု ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီးက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ယခုကဲ့သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ယခုကဲ့သို့တွေ့ဆုံဆွေးနွေးမှုအတွက်လည်း ဝမ်းမြောက် ဂုဏ်ယူပါကြောင်းဖြင့် ပြောကြားခဲ့သည်။





ယင်းနောက် မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိပြီးအချိန်မှစတင်၍ ယနေ့ အချိန်အထိ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ လွတ်လပ်ရေးရရှိပြီးချိန်မှ စတင်၍ ပြည်ပမှသွေးခွဲမှုများကြောင့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်ခဲ့မှုနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများကို ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့မှုအခြေအနေတို့ကို ဆွေးနွေးခဲ့သည်။
ထို့ပြင် ၂၀၁၁ ခုနှစ်မှစတင်၍ ဒီမိုကရေစီလမ်းကြောင်းပေါ် တွင်လျှောက်လှမ်းခဲ့မှုနှင့် ၂၀၂၁ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွားခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ရမှုအခြေအနေများ၊ နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် ဖြစ်ပေါ်လာသည့် ဆူပူမှုများမှတစ်ဆင့် အကြမ်းဖက်လုပ်ရပ်များပေါ်ပေါက်လာမှုအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှုအခြေအနေတို့ကို ဆွေးနွေးခဲ့သည်။
ထို့နောက် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက် ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန်ကြီးအနေဖြင့် ကမ္ဘာပေါ်ရှိနိုင်ငံများ၌ ငြိမ်းချမ်းရေးများရရှိရန်အတွက် ကြားဝင်စေ့စပ်ကူညီ ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်မှုအခြေအနေများနှင့် မြန်မာနိုင်ငံအတွင်း လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။