



၉.၂.၂၀၂၅
Written By Thandar
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကို ဒါရိုက်တာ ဝင်းလွင်ထက်က အိပ်မက်ကာရန် ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်။
“ဒီ အိပ်မက်ကာရန်ကို ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ချက်ပြတ်ပြတ် ရိုက်ကူးခဲ့ပါတယ်။ ဒီကားကို အကောင်းဆုံး ပံ့ပိုးပေးသူတွေ ကိုဓီရာမိုရ်၊ အသိပညာအတတ်ပညာရှင်တွေကို ကျေးဇူးတင်ပါတယ်။ နောက်ကအမြဲတမ်း ပံ့ပိုးတဲ့ ဇနီးသည်မဒုံကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ဒါရိုက်တာဝင်းလွင်ထက်က ပြောပါတယ်။
ရက်ဒ်ဒီရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဇာတ်ကားကို ဇာတ်လမ်း နီနီခင်ဇော်၊ ဇာတ်ညွှန်း မိုးနီလွင်တို့က ရေးသားထားပြီးတော့ ဒါရိုက်တာ ဝင်းလွင်ထက်၊ Music Director အနေနဲ့ အကယ်ဒမီ ဓီရာမိုရ်တို့က ၂၀၂၀ ပြည့်နှစ်က ပုံဖော်ခဲ့သလို ၂၀၂၄ ခုနှစ်မှာ ပြန်လည် ရိုက်ကူးမှုကိုတော့ လိုအပ်ချက်တွေကိုပြန်လည်အကောင်းဆုံး ပုံဖော်ထားတာပါ။
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဂီတနဲ့ရုပ်ရှင်ပေါင်းစပ်ပုံဖော်ထားတဲ့ “အိပ်မက်ကာရန်” Musical ရုပ်ရှင်ဇာတ် ကားကြီးမှာတော့ တေးသီချင်းကောင်းတွေ ၂၄ ပုဒ်ကိုထည့်သွင်းထားတာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ နေတိုး၊ လွှမ်းပိုင်၊ နီနီခင်ဇော်၊ Special Guest အနေနဲ့ မေခလာ ၊ တင်ဇာမော် ၊ ချောစုခင် ၊ အောင်ထက်၊ စိုင်းစည်တွမ်ခမ်း၊ ဝိုင်းလေး၊ ယွန်းရွှေရည်၊ ဆုမြတ်နိုးဦး၊ စင်သီယာ၊ ရွှေပိုး ကောင်၊ ဆွိ၊ အောင်ကိုမိုး စတဲ့သူတွေပါဝင်ထားကြပါတယ်။