၁၄. ၁. ၂၀၂၃
Written by Nay Aung
ထိုင်းနိုင်ငံ ချင်းရိုင်မြို့ရှိ နယ်ခြားစောင့်တပ်ဖွဲ့နှင့် Pha Muang စစ်တပ်တို့သည် မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသည့် Chiang Saen ဒေသကို ကင်းလှည့်နေချိန် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသော မြန်မာနိုင်ငံသား ၂၂ ဦးကို တွေ့ရှိဖမ်းဆီးခဲ့ကြောင်း ထိုင်းအခြေစိုက် MGR online သတင်းဌာနက ဖော်ပြထားသည်။
ထိုင်းအာဏာပိုင်များက နယ်စပ်ဒေသရှိ Ruak မြစ်အနား လမ်းလျှောက်လာသော လူအုပ်စုကို တွေ့ရှိခဲ့ပြီး ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းခြင်း ဟုတ်မဟုတ်ဆိုသည့်အချက်ကို စစ်ဆေးခဲ့ကြသည်။ ကနဦးစုံစမ်းချက်များအရ အဆိုပါအုပ်စုသည် ချင်းမိုင်မြို့တွင်အလုပ်ရှာရန်အတွက် မြန်မာနိုင်ငံ တာချီလိတ်မြို့မှ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထားသည်ဟု ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ကပြောသည်။
အဆိုပါအုပ်စုတွင် အမျိုးသမီး ၇ဦး၊ ကလေးငယ် ၇ဦးနှင့် အမျိုးသား ၈ဦးတို့ ပါဝင်ခဲ့ပြီး ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့သည် မြန်မာနိုင်ငံသား ၂၂ဦးကို အသေးစိတ်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် Chiang Saen ဒေသရဲစခန်းကို လွှဲပြောင်းပေးထားကြောင်းသိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကြားရှိ နယ်စပ်စစ်ဆေးရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်ရန် ဗဟိုအစိုးရက အမိန့်ပေးထားပြီး မကြာမီ ပြန်လည်ဖွင့်လှစ်ဖွယ်ရှိနေကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပြဿနာကြောင့် နယ်စပ်စစ်ဆေးရေးဂိတ်ကို၂၀၂၀ ပြည့်နှစ် မတ်လတွင်ပိတ်ထားခဲ့ကြောင်း၊ ထိုင်းနိုင်ငံသို့သွားရောက်ရန် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများ လျှော့ချနိုင်ရန် ထိုင်းနှင့်မြန်မာနိုင်ငံအကြား ချိတ်ဆက်ထားသော နယ်စပ် စစ်ဆေးရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်ရန် ဒေသခံများ မျှော်လင့်နေကြောင်း ထိုင်းသတင်းများက ဖော်ပြထားသည်။
ref mgronline