
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ စက်တောကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းဆရာမ ၅ ဦးကို PDF ဖမ်းဆီးထားမှု ပြန်လွှတ်ပေးရန် ကတူးလူငယ်များအဖွဲ့ချုပ် (KYF) ဗဟိုအမာခံကော်မတီက မေတ္တာရပ်ခံစာကို ယနေ့ထုတ်ပြန်သည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်၊ သောကြာနေ့ ည ၇ နာရီအချိန်တွင် ဗန်းမောက်မြို့နယ်၊ စက်တောကျေးရွာရှိ ကတူးလူမျိုး ကျောင်းဆရာမ ၅ ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို PDF တပ်ဖွဲ့တစ်ခုက စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပြီး ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များသည်လည်း စိုးရိမ်ပူပန်၍ များစွာ စိတ်သောကရောက်နေကြရသည်ဟု KYF က ဆိုသည်။
ဖမ်းဆီးခံရသည့် ကျောင်းဆရာမများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး(ကျေးရွာယာယီတာဝန်ခံ) တို့သည် ၂၀၂၁ နိုင်ငံရေးဖြစ်စဉ် မတိုင်မီကပင် ကတူးလူမျိုးတိုးတက်ရေးအတွက် စာပေ၊ ယဉ်ကျေးမှု အစရှိသော အမျိုးသားရေးကိစ္စရပ်များတွင် တစ်ထောင့်တစ်နေရာမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသူများ ဖြစ်သည့်အပြင် ကျေးရွာရှိ ကလေးလူငယ်တို့၏ ပညာရေးတွင်လည်း တစ်နည်းနည်းဖြင့် ကျေးဇူးပြုခဲ့ဖူးကြသူများ ဖြစ်သည်။
ထို့ကြောင့် ဖမ်းဆီးခံရသူတို့၏ ယခင်က ဆောင်ရွက်ခဲ့ဖူးသော လူမှုအကျိုးပြုလုပ်ငန်းများကို ငဲ့ညှာထောက်ထား၍လည်းကောင်း၊ ကတူးလူမျိုးတို့၏ ဖြစ်တည်မှုကို အပြန်အလှန် လေးစားသည့် အနေဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားသည့်အနေဖြင့်လည်းကောင်း အဖမ်းဆီးခံ ကတူးလူမျိုးများကို အမြန်ဆုံး ပြန်လွှတ်ပေးပါရန် ကတူးလူငယ်များအဖွဲ့ချုပ်က အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်ဟု KYF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။