MSME ထုတ်ကုန်ပြပွဲတွင် ဆုအမျိုးအစားပေါင်း ၃၁ မျိုးအပေါ် Digital Trophy ဂုဏ်ပြုလက်မှတ်နှင့် ငွေသားဆုများ ချီးမြှင့်မည်




၈. ၂. ၂၀၂၅
Written by Nyein Kyaw
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်မှုအား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ ကျင်းပပြုလုပ်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် ကြည့်ရှု့စစ်ဆေးခဲ့သည်။
SAC ဒုဥက္ကဋ္ဌသည် အဖွဲ့ဝင်များနှင့်အတူ ဝန်ကြီးဌာနပြခန်းများ၊ တိုင်းဒေသကြီး/ပြည်နယ်ပြခန်းများ၊ Digital Corner နည်းပညာပြခန်း၊ MSME နှင့် ချိတ်ဆက်ထားသည့် ဆက်စပ်လုပ်ငန်းပြခန်း၊ Business Matching Hall တွင် ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးအသီးသီးမှ စီးပွားရေးသံမှူးများနှင့် ပြည်ပပို့ကုန်ပို့လိုသည့် ပြည်တွင်းလုပ်ငန်းရှင်များ အပြန်အလှန် ဆက်သွယ်နိုင်ရေးဆောင်ရွက်ပေးထားမှုဝန်ဆောင်မှုပြခန်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ လုပ်ငန်းရှင်များအတွက် ကြော်ငြာရိုက်ကူးထုတ်လုပ်ပေးနိုင်မှု သရုပ်ပြခန်း အပါအဝင် ပြည်ပစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ် သမဝါယမ ပြခန်းများ၏ ကဏ္ဍစုံလင်စွာ ပြခန်းအလိုက် ခင်းကျင်း ပြသထားမှုများကို လိုက်လံကြည့်ရှု့အားပေးပြီး လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်တောင်ဘက် တပေါင်းကွင်း၌ ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၄ ရက်အထိ ဝန်ကြီးဌာနပြခန်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာရောင်းချဆိုင်ခန်းများ၊ လုပ်ငန်း/စီးပွားချိတ်ဆက်မှုများ (B2B)၊ နည်းပညာပြခန်းများ၊ ပြည်ပစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမ ပြခန်းများအပါအဝင် ပြခန်းစုစုပေါင်း (၉၆) ခန်းဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ပြီး ထုတ်ကုန်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်သည့် အမျိုးအစားများအလိုက် ဆုအမျိုးအစားပေါင်း ၃၁ မျိုး အပေါ် Digital Trophy ဂုဏ်ပြုလက်မှတ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။