October 23, 2024

၁၄. ၁. ၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်ခန့်မှစ၍ မုန်တိုင်းများ အဆက်မပြတ်ဝင်ရောက်တိုက်ခတ်မှုက ယခုဆိုလျှင် ရှစ်လုံးမြောက်မုန်တိုင်းအထိရှိသွားပြီဖြစ်ပြီး ပြည်နယ်အတွင်းဆိုးဝါးလှသော ရေလွှမ်းမိုးမှုနှင့်ကြုံတွေ့ရလျက်ရှိကာ သေဆုံးသူ အနည်းဆုံး ၁၉ ဦးရှိသွားပြီ ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

ရာသီဥတုခန့်မှန်းသူများက ဆက်တိုက်ဝင်ရောက်လာမည့် ရှစ်ခုမြောက်မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ပိုမိုရွာသွန်းနိုင်ပြီး မြေကြီးပေါ်တွင် ရေများပြည့်နေကာ ဇန်နဝါရီလ ဒုတိယပတ်အကုန်ရက်များ၌ ဆိုးရွားလှသောရေလွှမ်းမိုးမှုဒဏ်ကို ပြည်နယ်အတွင်းနေရာအတော်များများ၌ ကြုံတွေ့ရနိုင်ကြောင် ဇန်နဝါရီလ ၁၃ ရက် ကသတိပေးခဲ့ကြသည်။

အမေရိကန်ပြည်ထောင်စု၏ လူဦးရေအထူထပ်ဆုံးပြည်နယ်လည်းဖြစ်သော ကယ်လီဖိုးနီးယားတွင် ရက်သတ္တပတ် သုံးပတ်ခန့် စံချိန်တင်မိုးရွာသွန်းနေမှုများကြောင့် ရေလွှမ်းမိုးမှု၊ မြေပြိုခြင်းနှင့် ကြီးမားစွာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုတို့နှင့်ကြုံတွေ့နေရသည်။ ဇန်နဝါရီလ ၁၃ ရက်တွင် ရှစ်ခုမြောက်မုန်တိုင်းက ပြည်နယ်အတွင်း ထပ်မံတိုက်ခတ်ရန် ခန့်မှန်းထားကြရာ လူဦးရေ ၁၆၀,၀၀၀ ခန့်ရှိ ဆာလီနာမြို့ဆိုလျှင် ရေလွှမ်းမိုးမှုကို တစ်မြိုလုံးခံရနိုင်ကြောင်း သိရသည်။ ဆာလီနာချိုင့်ဝှမ်းအတွင်း လမ်းများ၊ အိမ်များနှင့် စိုက်ပျိုးမြေများပါ ရေနစ်မြုပ်မှုဒဏ်ခံရဖွယ်ရှိကြောင်း ရာသီဥတု ခန့်မှန်းသူများကသတိပေးထားကြသည်။

ပြည်နယ်အတွင်း ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူဦးရေမှာ ဇန်နဝါရီ ၁၃ ရက်အထိ အနည်းဆုံး ၁၉ ဦးရှိပြီဖြစ်ကြောင်းလည်းသိရသည်။ ဆာလီနာမြစ်ဆိုလျှင်လည်း သုံးပတ်ကြာရွာသွန်းထားသော မိုးကြောင့် ရေများပြည့်လျှံနေကာ ဇန်နဝါရီ ၁၃ ရက်တွင် စိုးရိမ်ရေမှတ်ထိပ်ဆုံးသိုရောက်ရှိ၍ မြစ်ကမ်းပါးများပြိုကာ ရေလွှမ်းမိုးမှုများ ဇန်နဝါရီ ၁၅ ရက်ထိ ဖြစ်ပွားနိုင်ကြောင်းခန့်မှန်းထားကြသည်။

ကယ်ဆယ်ရေးအမိန့်နှင့် ရာသီဥတုသတိပေးချက်များကို နေရာအနှံ့ထုတ်ပြန်ထားကြသော်လည်း ရေလွှမ်းမိုးမှုဖြစ်ပွားနေသည့်ဒေသများတွင် အဓိကလမ်းမကြီးများပင် ဖြတ်သန်းသွားလာ၍မရဖြစ်နေကာ ထိုဒေသများတွင် နေထိုင်သူများမှာလည်း နှစ်ရက်မှသုံးရက်အထိ လမ်းကြောင်းသွားလာမှု ပြတ်တောက်နေဖွယ်ရှိကြောင်း ရာသီဥတုခန့်မှန်းသူများက ပြောခဲ့ကြသည်။ ထိုဒေသများတွင် အိမ်နှင့် စီးပွားရေးလုပ်ငန်းများပါ လျှပ်စစ်ဓာတ်အားပြတ်တောက်နေမည်ဟုလည်း တာဝန်ရှိသူများက ပြောခဲ့ကြသည်။

ဇန်နဝါရီ ၁၃ ရက်အထိ တွေ့ရှိထားသေ သေဆုံးသူ ၁၉ ဦးတွင် ရေနစ်မြုပ်နေသည့်ကားများအတွင်းမှ ယာဉ်မောင်းများ၊ သစ်ပင်များပြိုလဲမှုကြောင့် ပိမိပြီးသေဆုံးရသူများ၊ ပြိုကျလာသည့်ကျောက်တုံးများရိုက်ခတ်မိ၍ သေဆုံးသူများပါဝင်ပြီး ၎င်းတို၏အလောင်းများကို ရေများဖုံးလွှမ်းနေမှုအောက်မှ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကယ်လီဖိုးနီးယားပြည်နယ်အတွင်း ဆောင်းရာသီတွင်မုန်တိုင်းများ ဖြစ်ပေါ်လေ့မရှိကြောင်းလည်း သိရသည်။ မိုးက သတ်မှတ်ကာလတစ်ခုအတွင်းသာ မျှမျှတတ ရွာလေ့ရှိပြီး ယခုကဲ့သို့ မုန်တိုင်းများနှင့်အတူ သုံးပတ်ခန့်ဆက်တိုက်ရွာသွန်းလေ့လည်းမရှိပေ။ သိုသော် ရုပ်ကြွင်းလောင်စာများကို အဆမတန်အသုံးပြုမှုများမှသည် ကမ္ဘာကြီးပူနွေးလာမှုက မုန်တိုင်းများဖြစ်ပေါ်မှုကိုလည်း ပြောင်းလဲစေလျက်ရှိကာ မုန်တိုင်းများအား ပိုမို၍ မိုးသည်းထန်စွာရွာသွန်းကာ ပြင်းထန်စေကြောင်းတွေ့ရသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်အနောက်ပိုင်းရှိ ဒေသအများစုတွင်မူ ပူပြင်းခြောက်သွေ့နေကာ ၂၃ နှစ်အတွင်း ပထမဆုံးမိုးခေါင်မှုနှင့်  ကြုံတွေ့နေရကြောင်းသိရသည်။
Ref—AFP

Leave a Reply

Your email address will not be published. Required fields are marked *