မန္တလေးနန်းမြို့ရိုးအနောက်ဘက်၊ စည်ရှည်တံခါးအနီး ရှေးမူမပျက် အသစ်ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည့် စည်ရှည်တံတား ဖွင့်ပွဲအခမ်းအနားသို့ SAC ဥက္ကဋ္ဌ တက်ရောက်ဖွင့်လှစ်ပေး




၈. ၂. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မန္တလေးမြို့၊ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်ကြီးနှင့် မဟာဂန္ဓရုံကျောင်းတိုက် ဆရာတော်ကြီးတို့၏ ကျန်းမာရေးအခြေအနေများအား ယနေ့တွင် သွားရောက်ကြည့်ရှု့ကာ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ပြီး ရွှေကျီးမြင်ဘုရားအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ဝိစာရိန္ဒာဘိဝံသ ၊ သက်တော် ၉၇ နှစ်၊ ဝါတော် ၇၇ ဝါရှိ သက်တော်ရှည်ဆရာတော်ကြီးသည် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိရာမှ ကျန်းမာရေးအခြေအနေပြန်လည် ကောင်းမွန်လာခဲ့ပြီဖြစ်သဖြင့် မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်ကြီး၌ ပြန်လည် သီတင်းသုံးတော်မူလျက်ရှိရာ SAC ဥက္ကဋ္ဌနှင့် ဇနီး ဒေါ်ကြူကြူလှတို့က ယနေ့ နံနက်ပိုင်းတွင် သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပြီး လှူဖွယ်ပစ္စည်းများ၊ ဆေးပစ္စည်းများ၊ အာဟာရဖြည့် ငှက်သိုက်နှင့် စားသောက်ဖွယ်ရာများ၊ နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် SAC ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် မန္တလေးမြို့တောင်ဘက်၊ အမရပူရမြို့နယ်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်သို့ ရောက်ရှိကြပြီး မဟာဂန္ဓာရုံ ကျောင်းတိုက်ကြီး၏ မဟာနာယကချုပ် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဣန္ဒေါဘာသာဘိဝံသ သက်တော် ၉၃ နှစ်၊ ဝါတော် ၇၃ ဝါရှိသက်တော်ရှည် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုခဲ့ပြီး လှူဖွယ်ပစ္စည်းများ၊ ဆေးပစ္စည်းများ၊ အာဟာရဖြည့် ငှက်သိုက်နှင့် စားသောက်ဖွယ်ရာများ၊ နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းရာ ဆရာတော်ကြီးက ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့ပြင် မန္တလေးမြို့ရှိ ရွှေကျီးမြင်ဘုရားသို့ ရောက်ရှိကြပြီး ရှေးမြန်မာမင်းမြတ်တို့ ထီးနန်းစဉ်ဆက် ကိုးကွယ်တော်မူခဲ့သည့် မြန်မာပြည်အရပ်ရပ်မှ ဆုတောင်းပြည့်ဆင်းတုတော်များ ကိန်းဝပ်စံပ္ပါယ်တော်မူရာ လှိုဏ်ဂူတော်အတွင်းရှိ ရွှေကျီးမြင် ရုပ်ပွားတော်အပါအဝင် အညာသီဟတောဘုရား၊ ရွှေကွန်အုပ်ဘုရား၊ မြသိန်းတန်မြတ်စွာဘုရား၊ ရွှေလင်းပင်ဘုရားနှင့် အခြားမြတ်စွာဘုရား၏ ဗုဒ္ဓရုပ်ပွားတော်မြတ်များကို ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခဲ့သည်။





SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးနန်းမြို့ရိုး အနောက်ဘက်၊ စည်ရှည်တံခါးအနီး၌ ရှေးမူမပျက် အသစ်ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည့် စည်ရှည်တံတား ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး SAC ဥက္ကဋ္ဌနှင့် ဇနီး အခမ်းအနား တက်ရောက်လာကြသူများသည် စည်ရှည်တံတားအား လှည့်လည်ကြည့်ရှု့ခဲ့ကြသည်။
အဆိုပါ မန္တလေးနန်းမြို့ရိုးအနောက်ဘက်ရှိ စည်ရှည်တံတားသည် မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် မင်းတုန်းမင်းတရားကြီးလက်ထက်၌ မြနန်းစံကျော် ရွှေနန်းတော်နှင့်အတူ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဒုတိယကမ္ဘာစစ်ကာလအတွင်း စစ်ဘေးဒဏ်ကြောင့် ပျက်စီးခဲ့ရခြင်းဖြစ်သည်။
စည်ရှည်တံတားသည် မန္တလေးနန်းမြို့ရိုး၏ အနောက်ဘက်ထွက်ပေါက် ပင်မတံတားတစ်စင်းဖြစ်ပြီး တံတားအား မူလပုံစံအတိုင်းရှေးမှုမပျက် တည်ဆောက်နိုင်ရေးနှင့် ရေရှည်တံ့ခိုင်မြဲစေရေးတို့အတွက် SAC ဥက္ကဋ္ဌ လမ်းညွှန်မှုဖြင့် တည်ဆောက်ရေးလုပ်ငန်းများကို စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
မန္တလေးနန်းတော်ကြီး၏ လေးပြင် လေးရပ်တို့တွင် တစ်ဖက်လျှင် တံခါးပေါက်ကြီး ၃ ပေါက်စီဖြင့် တံခါးပေါက် ၁၂ ပေါက် တည်ဆောက်ထားပြီး ထို ၃ ပေါက်၏ အလည်တံခါးကို ဓာတ်နာမ်များဖြင့် မှည့်ခေါ် ထားခဲ့ကြောင်းနှင့် ယခုကဲ့သို့အနောက်ဘက်အရပ်ရှိ စည်ရှည်တံတားကြီးကို ပြန်လည် တည်ဆောက်ခြင်းအားဖြင့် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် မြနန်းစံကျော် ရွှေနန်းတော်ကြီး၏ အင်္ဂါရပ်ကို ပြန်လည်၍ ပိုမိုပြည့်စုံစေမည်ဖြစ်သည်။