
၈. ၂ .၂၀၂၅
Written by Hey Mar
စိန်ဆိုင်ဝန်ထမ်းက ငွေကျပ် သိန်းသုံးထောင်နီးပါး GIA စစ်ချက်ပါရှိတဲ့ စိန်ထည် လက်ဝတ်ရတနာတွေ ခိုးယူထွက်ပြေးခဲ့တာကြောင့် စခန်းမှာ အမှုဖွင့်လှစ်ဆောင်ရွက်နေတဲ့အပြင် ဆုငွေပါထုတ်ပြီး ဖမ်းဆီးနိုင်ရေးကြိုးပမ်းခဲ့ Jewellery box စိန်ရတနာဆိုင်ရဲ့ ခိုးယူသူတရားခံတွေကို ဖေဖော်ဝါရီ ၇ ရက်နေ့ မနက်ပိုင်းက ရှမ်းပြည်နယ်ဘက်မှာ ပြန်လည်ဖမ်းဆီးရမိပြီဖြစ်တယ်လို့ ဒီကနေ့မှာ သူတို့ဆိုင်ရဲ့ လူမှုကွန်ရက်ကတစ်ဆင့် အသိပေးလာပါတယ်။
စိန်ဆိုင်ဝန်ထမ်းဖြစ်သူ မဖြိုးဖြိုးသော်က ပြီးခဲ့တဲ့ နိုဝင်လအတွင်းက ဆိုင်ပိုင်ရှင်တွေဘုရားဖူးသွားချိန်၊ ဆိုင်မှာ ဆိုင်သူဌေးလင်မယားရဲ့ မိခင်နဲ့ အိမ်အကူတွေသာရှိနေစဉ်မှာ လက်ဝတ်ရတနာမျိုးစုံကို လှည့်ပတ်ခိုးယူ ထွက်ပြေးသွားခဲ့တာလို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ စိန်ဆိုင်ဘက်က လူမှုကွန်ရက်ပေါ်ရှိ သူတို့ရဲ့ စိန်ဆိုင်ပေ့ခ်ျကနေ ဖွင့်ဟလာပြီး ဖမ်းဆီးရမိနိုင်ရေးအတွက် ဆုငွေ သိန်းငါးဆယ်ကနေ သိန်း ၂၀၀ အထိ တိုးမြှင့် ထုတ်ပြန်ထားတာပါ။



လတ်တလောမှာတော့ အမှုနဲ့ ပတ်သက်လို့ ဘာမှ ပြောခွင့်မရှိသေးသလို ခိုးယူသွားတဲ့ ပစ္စည်းတွေလည်း အပြည့်အစုံ ပြန်လည်မရရှိသေးဘူးလို့လည်း စိန်ဆိုင်ဘက်ကို ဆက်သွယ်မေးမြန်းကြည့်လို့ သိရပါတယ်။
Jewellery box စိန်နှင့် ပလက်တီနမ် ရွှေဆိုင်ပိုင်ရှင်ဖြစ်သူက “နောက်တစ်ရက် နှစ်ရက်ဆိုရင် အသေးစိတ်ပြန်ပြောပြပါ့မယ်။ အခုက ပြည်တွင်းမှာပဲ ရှမ်းပြည်ဘက်မှာ မိတာပါ။ သူတို့ လင်မယားနှစ်ယောက်စလုံး မိပါတယ်။ ပစ္စည်းတွေကတော့ ဘာမှ ပြန်မရသေးဘူး “လို့ MT News ကို ပြောပါတယ်။


ဖြစ်စဉ်ဖြစ်ပွားပြီး သုံးလဝန်းကျင်မှာ အခုလို ဖမ်းမိခဲ့တာဖြစ်သလို လက်ဝတ်ရတနာတွေ ခိုးယူထွက်ပြေးခဲ့သူ ဝန်ထမ်းမဖြိုးဖြိုးသော်ဆိုသူက အဆိုပါဆိုင်မှာ အလုပ်ဝင်တာ တစ်လကျော်သာ ရှိသေးချိန် အခုလို ကျူးလွန်သွားတာဖြစ်ပြီး၊ ဖြစ်စဉ်ဖြစ်တဲ့နေ့ကလည်း မဖြိုးဖြိုးသော်က သူ့ ရည်းစားရဲ့ အင်္ကျီ ပါလာတာကို ရည်းစားဖြစ်သူက လာယူတဲ့အတွက် ဆင်းပေးဦးမယ်ဆိုကာ ပထမထပ် အရောင်းပြခန်းကနေ လမ်းပေါ်ကို ထွက်ပြီး စီစီတီဗွီ အကွယ်မှာ အသင့်ရပ်ထားတဲ့ တက္ကစီပေါ်ကို ဆိုင်က ပစ္စည်းတွေနဲ့အတူ တက်ပြေးသွားတာဖြစ်ကြောင်း စိန်ဆိုင်ပိုင်ရှင်ရဲ့ ကနဦးဖြေကြားချက်တွေကို MT News က ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။