
၈.၂.၂၀၂၅
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒက်ကာနဲ့ ချာတိုဂရမ်ခရိုင်တွေမှာရှိတဲ့ အစိုးရမူလတန်းကျောင်းတွေအတွက် ခန့်အပ် တာဝန်ပေးမယ့် လက်ထောက်ဆရာ ၆,၅၃၁ ဦးတို့ရဲ့ အလုပ်ခန့်အပ်မှုလုပ်ငန်းစဉ်ကို တရားရုံးချုပ်က ပယ်ဖျက်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၇ ရက်က ဖြစ်ပေါ်လာတဲ့ဆန္ဒပြမှုတွေကို နှိမ်နင်းဖို့ကြိုးစားခဲ့တဲ့ ရဲတပ်ဖွဲ့ နဲ့ ဆန္ဒပြသူတွေအကြား ခိုက်ရန်ဖြစ်ပွားမှုတွေ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ဆန္ဒပြနေကြသူတွေကို ရဲတပ်ဖွဲ့က အဓိကရုဏ်းနှိမ်နင်းရေး တုတ်တိုတွေနဲ့ ရိုက်နှက်ကာ ရေပန်းတွေအသုံးပြုပြီး လူစုခွဲဖို့ကြိုးစားခဲ့တာပါ။ ဆန္ဒပြမှု က ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အကြံပေးပုဂ္ဂိုလ်ချုပ်ဖြစ်တဲ့ မူဟာမက် ယူနားစ်ရဲ့ တရားဝင်အိမ်တော်ဖြစ်တဲ့ ဂျာမူနာ နိုင်ငံတော် ဧည့်ဂေဟာ အနီးမှာဖြစ်ပွားခဲ့တာပါ။

ဒက်ကာမြို့၊ ရမ်နာခရိုင် ရဲတပ်ဖွဲ့ ဒုတိယရဲမင်းကြီး မာဆွတ် အလမ်က ဖြစ်ရပ်နဲ့ပတ်သက်လို့ တစ်စုံတစ်ရာပြောကြားဖို့ငြင်းခဲ့ပါတယ်။ ဆန္ဒပြသူတွေရဲ့ ပြောကြားချက်အရတော့ နံနက်ပိုင်းမှာစပြီး ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို တုတ်တွေနဲ့ရိုက်နှက်ပြီး ရေပန်းအမြောက်တွေနဲ့ လူစုခွဲဖို့ကြိုးစားခဲ့တယ်ဆိုပါတယ်။ မွန်းလွဲ ၃ နာရီခွဲလောက်မှာ ရဲတပ်ဖွဲ့ဝင်တွေက တုတ်တွေနဲ့ ထပ်မံရိုက်နှက်လာကြပြန်ပါတယ်။ ရေပန်း အမြောက်တွေသယ်လာပေမယ့် အဲဒီအချိန်မှာ ထပ်မံအသုံးမပြုတော့ဘူးလို့ သိရပါတယ်။
တရားရုံးချုပ်က ကျောင်းဆရာတွေခန့်အပ်မှုမှာ အရည်အသွေးအပေါ် မူတည်အကဲဖြတ်ပြီး ဆောင်ရွက် ဖို့ အာဏာပိုင်တွေကို တိုက်ရိုက်ညွှန်ကြားခဲ့ပါတယ်။

အလုပ်ခန့်အပ်မှု လုပ်ငန်းစဉ်ကိုအပိုင်းသုံးပိုင်းနဲ့ ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက် က အပြီးသတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းစဉ်ကခွဲတမ်းစနစ်ကို ချိုးဖောက်တယ်ဆိုပြီး ဝင်ရောက်ဖြေဆိုရာမှာ အောင်မြင်မှု မရခဲ့တဲ့ အယောက် ၃၀ က အမှုဖွင့်ခဲ့အပြီးမှာ တရားရုံးချုပ်က ခုလိုဆုံးဖြတ်ခဲ့တာပဲ။
အဲဒီအလုပ်ခန့်အပ်မှုလုပ်ငန်းစဉ်က အရင် အလုပ်ခွဲတမ်းစနစ်တွေအားလုံးကို ပယ်ဖျက်ဖို့ အစိုးရရဲ့နောက်ဆက်တွဲအမိန့်နဲ့ဆန့်ကျင်နေတယ်လို့လည်း အဆိုပါ မအောင်မြင်သူတွေကပြောခဲ့ကြပါတယ်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်မှာ ပဏာမကြားနာမှုအပြီးမှာတော့ တရားရုံးချုပ်က ဆရာသစ်တွေခန့်အပ်ဖို့ ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းစဉ်ကို ဖျက်သိမ်းဖို့ ဖေဖော်ဝါရီလ ၆ ရက်က အမိန့်ချခဲ့တာပါပဲ။
Ref- The Business Standard