
၈. ၂. ၂၀၂၅
Written by Nyein Kyaw
ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၃ သန်းနှင့် တရုတ်ယွမ် ၆၀၀,၀၀၀ ထပ်မံထုတ်ရောင်းပေးခဲ့၍ ယခုဖေဖော်ဝါရီလ တစ်ပတ်အတွင်း ဒေါ်လာ ၄၆ သန်းခွဲကျော် ရောင်းချပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ယမန်နေ့တွင် ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ယခုဖေဖော်ဝါရီလအတွင်း ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၃ သန်း ထုတ်ရောင်းပေးခဲ့သလို ယခုထပ်မံထုတ်ရောင်းပေးမှုအပါအဝင် ဖေဖော်ဝါရီလ ၃ ရက်မှ ၇ ရက်အထိ တစ်ပတ်အတွင်း ဒေါ်လာ ၄၆ ဒသမ ၆၄၀ သန်းနှင့် တရုတ်ယွမ် ၁ ဒသမ ၉၂၀ သန်း ထုတ်ရောင်းပေးထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၄၅ သန်း သီးသန့်ထုတ်ရောင်းပေးမှုအပါအဝင် စုစုပေါင်းဒေါ်လာ ၁၇၃ သန်းကျော်၊ ထိုင်းဘတ် ၁၄ သန်းနီးပါးနှင့် တရုတ်ယွမ် ၁၅ သန်းကျော်အထိ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
ထိုပြင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင်လည်း ဒေါ်လာ ၁၄၃ သန်းကျော်၊ ထိုင်းဘတ် ၃၂၁ သန်းကျော်နှင့် တရုတ်ယွမ် ၁၁ သန်းနီးပါးအထိ ထုတ်ရောင်းပေးထားသလို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာလ ၂၉ ရက်အထိ လေးလအတွင်း ဒေါ်လာ ၃၃၅ သန်းကျော်၊ ထိုင်းဘတ် ၁ ဒသမ ၂၇၄ ဘီလျံကျော်နှင့် တရုတ်ယွမ် ၅၆ သန်းခန့်အထိ ထုတ်ရောင်းပေးထားသည်။ ထို့ပြင် ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံ သီးသန့်ထုတ်ရောင်းပေးထားသည်။