October 23, 2024

သံပန်းပိကာ ဆုံးပါးရရှာသောကလေးငယ် (Photo- Pyae Sone Aung)

၁၄. ၁. ၂၀၂၃
Written by Myo Khine

သံပန်းတံခါးပိ၍ သေဆုံးသွားသော ၆ နှစ်အရွယ် ကလေးငယ်ကို ယနေ့ ဇန်နဝါရီ ၁၄ ရက် ညနေ ၄ နာရီတွင် ကျီစုသုသာန်သို့ ပို့ဆောင်၍ မီးသင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းကလေးငယ်မှာ မောင်ကောင်းထက်ကျော်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၁၀) တောင်၊ (၁၃) ရပ်ကွက်၊ (ခ-၂)၊ အခန်း(၁၁) ငုဝါလမ်းနေသူဖြစ်ကြောင်း ကလေးငယ်၏ နာရေးဖိတ်စာတွင် ရေးသားထားသည်။

မောင်ကောင်းထက်ကျော်မှာ ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက် ကြာသပတေးနေ့၊ မွန်းလွဲပိုင်းက သာကေတမြို့နယ်၊ ခရေလမ်း သန်လျင်တံတားအိမ်ရာဝင်း၏ နေအိမ်တစ်အိမ်၏ သံပန်းတံခါးပိကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကလေးကို သံပန်းပိတယ်။ တော်တော်လေး ခံစားသွားရမယ်။ အားလုံးလည်း စိတ်ထိခိုက်ကြတယ်။ အဲဒီလို ဖြစ်တော့ ရန်ကင်း ကလေးဆေးရုံကို ပို့တယ်။ ဟိုရောက်တော့ ကလေးက အသက်မပါတော့ဘူးလို့ အတည်ပြုတယ်။ အဲဒါနဲ့ ရန်ကင်းကနေ မြောက်ဥက္ကလာပဆေးရုံကို ပို့ဖို့ပြောတာနဲ့ မြောက်ဥက္ကလာပ မေဓာဝီဆေးရုံကို ပို့ခဲ့ကြတာ။ ကလေးက ဆော့ရင်းနဲ့ ဖြစ်တာ။ ဒါပေမဲ့ အမှုမဲ့ အမှတ်မဲ့ ဆိုတော့ လူကြီးတွေလည်း မသိလိုက်ကြဘူး”ဟု လိုက်ပါ ကူညီသူများထဲမှ တစ်ဦးက MT News သို့ ပြောသည်။

အခင်းဖြစ်ပွားသည့်နေ့က မောင်ကောင်းထက်ကျော် အား ဆေးရုံသို့ ပို့ဆောင်မှုများကို အဖြူရောင်နှလုံးလှ လူမှုကူညီရေးအသင်း၏ အရေး‌ပေါ်လူနာတင်ယာဉ်ဖြင့် လိုက်ပါကူညီပို့ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။ မောင်ကောင်းထက်ကျော်အား ပိမိသည့် သံပန်းမှာ အထိန်းမပါသဖြင့် အချပ်လိုက်ပြိုကျကာ ပိမိသွားခြင်းဖြစ်ပြီး ထိုသံပန်းမှာ လူ ၇ မကာ မောင်ကောင်းထက်ကျော်ကို ကယ်ထုတ်ရသည့်အထိ လေးလံကြောင်းလည်း သိရသည်။

“ကောင်းကောင်းရယ်။ အမျိုးသားဘက်က တူလေးပေမဲ့ အမြဲအတူနေရတော့ မခံစားနိုင်ဘူးကလေးရယ်။ အန်တီလေး သား ဒီမုန့်အကုန်စားလိုက်မယ် ပြောပြီး၊ စားပြီး၊ သွားဆော့ဦးမယ်ဆိုပြီး ဆင်းသွားတာ ခဏကြာတော့ သားဆုံးပြီဆိုတာအခုထိမယုံနိုင်သေးဘူး။ မသေခင်လေး သားအိမ်စာလုပ်ပြီးပြီနော်တဲ့ ။ သားလေးနောက်ဘဝမှာ ဒီလိုအဖြစ်ဆိုးကြီးမကြုံဘဲ သားဘဝလေး ပျော်ရွင်စွာကြီးပြင်းရပါစေကွယ်”ဟု ကလေးငယ်၏ အဒေါ်ဖြစ်သူက လူမှုကွန်ရက်တွင် ရေးသားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *