
၆.၂.၂၀၂၅.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုမှ C-17 လေယာဉ်တစ်စီးက အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်ပေါင်းများစွာကနေ အမေရိကန်ပြည်ထောင်စုအတွင်း ဥပဒေနဲ့မညီ အထောက်အထားမဲ့ရွှေ့ပြောင်းနေထိုင်သူ ၁၀၄ ဦးကို သယ်ဆောင်ကာ ပန်ဂျပ်ပြည်နယ်၊ အမ်ရစ်ဆာမြို့ကို ဖေဖော်ဝါရီလ ၅ ရက်မှာ ရောက်ရှိလာခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။
C-17 လေယာဉ်ပေါ်မှာပါလာကြတဲ့ အမေရိကန်အစိုးရက ဥပဒေနဲ့မညီ အထောက်အထားမဲ့ရွှေ့ပြောင်း နေထိုင်လို့ ပြန်လည်နှင်ထုတ်ခံရသူ ၁၀၄ ဦးက သူတို့ရဲ့ အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်နိုင်ဖို့ကြိုးစားမှုမှာ ဖြတ်သန်းခဲ့ရတဲ့ အန္တရာယ်များလှတဲ့လမ်းခရီးတွေက ကြောက်ရွံ့ဖွယ်အတွေ့အကြုံအသေးစိတ်ကိုလည်း ပြန်လည်ပြောကြားခဲ့ကြပါတယ်။
ပန်ဂျပ်ပြည်နယ်သားတစ်ယောက်ကဆိုရင် သူ့ကို ပထမဆုံး အီတလီနိုင်ငံကို ခေါ်သွားတာခံခဲ့ရပါတယ်။ ဒီနောက် လက်တင်အမေရိကကို ရောက်သွားပြန်သလို ရူပီး ၃၀,၀၀၀ က ၃၅,၀၀၀ ကြားတန်ဖိုးရှိတဲ့ ကျွန်တော်တို့ အဝတ်အထည်တွေဆို လမ်းမှာ ခိုးယူခံခဲ့ရတယ် လို့ ပြောခဲ့ပါတယ်။ သူကပဲ ကျွန်တော် ၁၅ နာရီကြာလောက် စက်လှေစီးခဲ့ရပြီး ကီလိုမီတာ ၄၀ ကနေ ၄၅ လောက်ထိ လမ်းလျှောက်ခဲ့ရတယ်လို့လည်း ဆိုခဲ့ပါတယ်။
သူက တောင်ကုန်း ၁၇ လုံး ၁၈ လုံးလောက် ကျွန်တော်တို့ဖြတ်ကျော်လာရတယ်။ တကယ်လို့ တစ်ဦးဦးများ ချော်လဲသွားခဲ့ပြီဆိုရင် အသက်ရှင်ဖို့အခွင့်အလမ်းမရှိဘူး။ တကယ်လို့ တစ်ဦးဦးဒဏ်ရာရရင်လည်း ထားခဲ့မှာပဲ။ သူ့အဖို့တော့ သေဖို့ပဲရှိတယ်။ လမ်းမှာလဲသေနေသူတွေအများကြီးတွေ့ခဲ့ရတယ် လို့ ပြောခဲ့ပါတယ်။
C-17 လေယာဉ်မှာပါလာတဲ့ နှင်ထုတ်ခံခဲ့ရတဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေမှာ ဟာယားနားနဲ့ ဂူဂျာရတ်ပြည်နယ်တို့က ၃၃ ဦးစီ၊ ပန်ဂျပ်ပြည်နယ်က ၃၀ ဦး၊ မဟာရတ်ရှ်ထရာပြည်နယ်နဲ့ အတ်တာပရာဒက်ရှ် ပြည်နယ်တို့က သုံးဦးစီနဲ့ ချန်ဒီဂါပြည်နယ်က နှစ်ဦး အသီးသီးပါကြပါတယ်။
ဂျပ်စ်ပယ်လ် ဆင်းအမည်ရှိ နောက်တစ်ဦးကတော့ သူ့ကို ခရီးသွားကိုယ်စားလှယ်တစ်ဦးက အမေရိကန်နိုင်ငံအတွင်း တရားဝင်ပြည်ဝင်ခွင့်ဗီဇာရအောင်လုပ်ပေးမယ်လို့ လှည့်ဖြားကာ ရူပီး သိန်း ၃၀ ပေးခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ သူက အမေရိကန်သို့ တရားဝင်ဗီဇာလည်းမရဘဲ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လက ဘရာဇီးနိုင်ငံကို လေကြောင်းနဲ့ အရင်သွားခဲ့ရပါတယ်။ အမေရိကန်ကို နောက်ခရီးစဉ်တစ်ပိုင်းကလည်း လေကြောင်းနဲ့ပဲဖြစ်တယ်လို့ ဆက်လက်လှည့်ဖြားခံရပြီး နောက်ဆုံးတေ့ာ နယ်စပ်ကနေ တရားမဝင် ဝင်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ ဒီမှာ အမေရိကန် နယ်ခြားစောင့်ကင်းလှည့်တပ်ဖွဲ့က ဖမ်းဆီးတာခံခဲ့ရတာပါ။
အစိုးရပိုင်းအဖွဲ့ တွေကလည်း ပြန်ရောက်လာသူတွေထဲမှာ ရာဇဝတ်မှုမှတ်တမ်းရှိသူတွေ ရှိမရှိ စစ်ဆေးနေကြပါတယ်။
Ref- Hindustan Times