
၆. ၂. ၂၀၂၅
Written by Nay Moe
မြန်မာအစိုးရအပြင် မဲခေါင်ဒေသတွင်းနိုင်ငံများဖြစ်သော တရုတ်၊ ထိုင်းနိုင်ငံတို့က မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အွန်လိုင်းလိမ်လည်မှုကျားဖြန့်လုပ်ငန်းများကို အရှိန်မြှင့်တိုက်ဖျက်လာနေပြီး ရာဇဝတ်မှုများဖြင့်နာမည်ပျက်နေသော ရွှေကုက္ကိုလ်အပါအဝင် မြန်မာဘက်ခြမ်းငါးနေရာသို့ ထိုင်းနိုင်ငံကပေးနေသော လျှပ်စစ်မီးကို ဖေဖော်ဝါရီ ၅ ရက်တွင် ဖြတ်တောက်လိုက်ချိန်မှ BGF (နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်)) က လူကုန်ကူးခံရသူ ၂၀၀၀ ကျော်ကို ပြန်ပို့ပေးထားကြောင်းနှင့် တရားမဝင် ရာဇဝတ်မှုများကို အစိုးရ၊ နိုင်ငံတကာတို့နှင့် ပူးပေါင်းလက်တွဲ တိုက်ဖျက်သွားမည်ဟု ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလာခဲ့သည်။

ကရင်ပြည်နယ်၊ နယ်စပ်ဒေသများတွင် နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်)မှ ဆောင်ရွက်ခဲ့သော နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုစီမံကိန်းများသည် ဒေသဖွံ့ဖြိုးရေးအတွက် NLD အစိုးရဟောင်း လက်ထက်ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက် (၂၀၁၈/၀၉၉) ဖြင့် စတင်ဆောင်ရွက်ခဲ့သော အိမ်ရာ၊ ဟိုတယ်နှင့် အပန်းဖြေရိပ်သာ စီမံကိန်းများဖြစ်ပြီး နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) အနေဖြင့် ပါဝင်ရင်းနှီးမြှုပ်နှံသည့် အကျိုးတူလုပ်ငန်းရှင်အဖြစ်မဟုတ်ဘဲ မြေငှားရမ်းသည့် မြေရှင်သာဖြစ်သည်ဟု BGF က ပြောသည်။
အဆိုပါအိမ်ရာစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံသူများထံမှ ထပ်ဆင့်ငှားရမ်းသည့် လုပ်ငန်းရှင်အချို့သည် လိမ်လည်လှည့်ဖျားခြင်း၊ လူကုန်ကူးခြင်း စသည့်အလုပ်များကို လုပ်ကိုင်ကြသည့် အတွက် BGF အနေဖြင့် အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲကာ တိုက်ဖျက်နှိမ်နှင်းလျက်ရှိသည်ဟုဆိုသည်။
အဆိုပါတိုက်ဖျက်မှုများတွင် လူကုန်ကူးခြင်း၊ မသမာမှုပြုခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ကလေးလုပ်သားအသုံးပြုခြင်း၊ လိမ်လည် လှည့်ဖျားခြင်း၊ မူးယစ်ဆေးဝါးရောင်းချသုံးစွဲခြင်းတို့ကို နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်)အနေ လုံးဝ(လုံးဝ) လက်မခံဘဲ ဖော်ထုတ်ဖမ်းဆီးအရေးယူလျက်ရှိပြီး မသမာလုပ်ငန်းများကို ပိတ်သိမ်းစေလျက် သက်ဆိုင်ရာသို့ အပ်နှံအရေးယူလျက်ရှိသည်။
လူကုန်ကူးခံရသည့်ဖြစ်စဉ်များကို အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဖော်ထုတ်ကူညီပေးလျက်ရှိပြီး ၂၀၂၃ ခုနှစ်မှ ယနေ့အထိ လူကုန်ကူးခံရသူပေါင်း (၂၀၀၀) ကျော်ကို သက်ဆိုင်ရာနိုင်ငံအလိုက် ဆက်သွယ်ကာ နေရပ်ပြန်ပို့ရန် ကူညီဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကာ ဆက်လက်၍လည်း တရားမဝင် ရာဇဝတ်မှုများကို အစိုးရ၊ နိုင်ငံတကာတို့နှင့် ပူးပေါင်းလက်တွဲ တိုက်ဖျက်သွားမည်ဖြစ်သည်။
နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) သည် ကာလရှည်ကြာစစ်ဘေးစစ်ဒဏ်ကြောင့် ဖွံ့ဖြိုးမှု နောက်ကျလျက်ရှိသော ကရင်ပြည်နယ်၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သမိုင်းအစဉ်အဆက် ဆောင်ရွက်ခဲ့သော အဖွဲ့အစည်းဖြစ်ပြီး ဒေသတွင်း လမ်းတံတား၊ ရေ၊ မီး၊ ပညာရေး၊ ကျန်းမာရေးနှင့်စီးပွားရေး ဖွံ့ဖြိုးမှုများကို ပြည်သူ့အကျိုးအတွက် အမြဲဦးတည်ဆောင်ရွက်လျက် ရှိသည်။
ထို့ကြောင့် ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားများ၏ ဘဝဖွံ့ဖြိုးမှုအတွက် စေတနာမှန်ဖြင့် လက်တွေ့ကျကျ သုံးသပ်ကူညီမှုပြုလျက် ရာဇဝတ်မှုကျူးလွန်သူများကို လက်တွဲ တိုက်ဖျက်သွားကြပါရန်လည်း BGF ၏ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။