
MT News
၆. ၂. ၂၀၂၅
အမေရိကန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့် အမေရိကန်အစိုးရက ပြည်နှင်ဒဏ်ပေး ပြန်ပို့မခံရခင် ကြိုတင်ထွက်ခွာသင့်ကြောင်း ဝါရှင်တန်ဒီစီရှိ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတိပေးချက်ထုတ်ပြန်ထားသည်။



အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် အကြောင်းကြောင်းကြောင့် နေထိုင်ခွင့်၊ ဗီဇာ စသည့် တရားဝင်အထောက်အထားများ သက်တမ်းကုန်ဆုံးခြင်း စသည်တို့ ကြုံတွေ့နေရပါက အထောက်အထားမဲ့ နိုင်ငံခြားသား နေရပ်ရွှေ့ပြောင်းသူအဖြစ် သတ်မှတ်ခံရကာ ပြည်နှင်မည့်အနေအထားများ ဖြစ်ပေါ်လာနိုင်သဖြင့် ကာယကံရှင်များ၏ ပုဂ္ဂလိကအစီအစဉ်ဖြင့် နေထိုင်ခွင့်ရရှိရေး ကြိုတင်ဆောင်ရွက်နိုင်ကြရန် မြန်မာသံရုံးက အသိပေးသည်။
အကယ်၍ နေထိုင်ခွင့် အထောက်အထားမဲ့ သို့မဟုတ် တရားမဝင်ရောက်ရှိနေသူဖြစ်ပါက အိမ်ရှင်အစိုးရ၏ တာဝန်ရှိသူများက ပြည်နှင်ချိန်မှ ထွက်ခွာခြင်းထက် ကြိုတင်ထွက်ခွာသင့်ကြောင်း၊ မြန်မာနိုင်ငံအပြန်ခရီးအတွက် မည်သည့်ခရီးသွားလက်မှတ်အမျိုးအစားမျှ မရှိပါက သို့မဟုတ် နိုင်ငံကူးလက်မှတ်သည် ကာလကြာမြင့်စွာ သက်တမ်းလွန်နေပါက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်လျှောက်ထားနိုင်ကြောင်းနှင့် လျှောက်ထားရန်ပုံစံနှင့် လိုအပ်ချက်များအား သံရုံး၏ဝက်ဘ်ဆိုက်မှ ရယူဖြည့်စွက်၍ အီးမေးလ်/ဖုန်းတို့ဖြင့် ဆောလျင်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းလည်း အသိပေးချက်တွင် ဖော်ပြထားသည်။



ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်က အမေရိကန်သမ္မတ ထရန့် တစ်ကျော့ပြန် အာဏာရလာခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စု၏ လူဝင်မှုကြီးကြပ်ရေးစည်းကမ်းဥပဒေ ဖောက်ဖျက်သော ကမ္ဘာ့နိုင်ငံ ၁၆၃ ခုမှ လူပေါင်း ၁၄ သန်းခွဲခန့်ကို ပြန်ပို့ရန်စီစဥ်ရာ မြန်မာနိုင်ငံသား ၆၇၉ ဦးပါဝင်ခဲ့သည်ဟု သိရသည်။