
၆. ၂. ၂၀၂၅
Written by Nyein Kyaw
ဗဟိုဘဏ်မှ နိုင်ငံခြားငွေဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၃ သန်း ထပ်မံရောင်းချပေးမည်ဖြစ်ပြီး ယခု ၂၀၂၅ နှစ်ဆန်းပိုင်းတွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၆၈ သန်းအထိ ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စက်သုံးဆီဈေးနှုန်းမျာ ပြန်လည်မြင့်တက်လာခဲ့၍ တစ်လအတွင်း ဒီဇယ်ဈေးနှုန်းများသည် အမျိုးအစားအပေါ်မူတည်၍ တစ်လီတာ ကျပ် ၂၅၀ မှ ၃၀၀ ဝန်းကျင်နှင့် ဓာတ်ဆီဈေးနှုန်းများသည် အမျိုးအစားအပေါ်မူတည်၍ တစ်လီတာ ကျပ် ၁၅၀ ဝန်းကျင် မြင့်တက်လာမှုများရှိခဲ့သည်။
ယင်းကဲ့သို့ စက်သုံးဆီဈေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့သည့် ဇန်နဝါရီလအတွင်း ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၅ သန်းနှင့် ဒေါ်လာသန်း ၂၀ ဖြင့် နှစ်ကြိမ်ရောင်းချပေးမှု စုစုပေါင်း ဒေါ်လာ ၄၅ ရောင်းချပေးခဲ့ပြီးနောက် ဇန်နဝါရီလကုန်ပိုင်းတွင် စက်သုံးဆီဈေးနှုန်းများ အနည်းငယ်ပြန်ကျဆင်းခဲ့သည်။
ထို့ပြင် ဖေဖော်ဝါရီလ ၅ ရက် (ယမန်နေ့)တွင်လည်း ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၃ သန်း ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း ကြေညာခဲ့၍ ယခု ၂၀၂၅ ခုနှစ် တစ်လကျော်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသုံးကြိမ်ရောင်းချပေးမှု စုစုပေါင်းဒေါ်လာ ၆၈ အထိရှိလာခဲ့သည်။
ထို့ပြင် ဗဟိုဘဏ်အနေဖြင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဖေဖော်ဝါရီ ၃ ရက်တွင် တရုတ်ယွမ် ၅၀၀,၀၀၀၊ ဖေဖော်ဝါရီ ၄ ရက်တွင် တရုတ်ယွမ် ၁၀၆,၀၀၀ နီးပါး၊ ဖေဖော်ဝါရီ ၅ ရက်တွင် ဒေါ်လာ ၄၉၀,၀၀၀ နှင့် တရုတ်ယွမ် ၅၀၀,၀၀၀ ရောင်းချပေးထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၄၅ သန်း သီးသန့်ထုတ်ရောင်းပေးမှုအပါအဝင် စုစုပေါင်းဒေါ်လာ ၁၇၃ သန်းကျော်၊ ထိုင်းဘတ် ၁၄ သန်းနီးပါးနှင့် တရုတ်ယွမ် ၁၅ သန်းကျော်အထိ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
စက်သုံးဆီဈေးကွက်အတွင်း ယနေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၃,၁၈၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၃,၂၆၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂,၈၂၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃,၄၈၅ ကျပ် ဖြစ်ပေါ်လျက်ရှိပြီး ဇန်နဝါရီလကုန်ပိုင်းနှင့် နှိုင်းယှဉ်ပါက ဒီဇယ်ဈေးနှုန်း အနည်းငယ်ပြန်ကျခဲ့သော်လည်း ဓာတ်ဆီဈေးနှုန်း အနည်းငယ်မြင့်တက်နေသည်။