October 23, 2024

၁၄. ၁. ၂၀၂၃
Written by Ye Kyaw

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကောက်ခံရမည့် အခွန်လျာထားချက်များ ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၃ ရက်က ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဥ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

“၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ ကောက်ခံရမဲ့ အခွန်လျာထားချက်များ ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိနိုင်ရေး ကြိုးပမ်းသွားမယ်” ဟု ဒုတိယဝန်ကြီး ဦးမောင်‌မောင်ဝင်းက ပြောကြားသည်။

လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာတွင် ပြည်ထောင်စု၏ စုစုပေါင်းအခွန်ကောက်ခံရငွေ ကျပ် ၇,၁၇၉ ဒသမ ၀၉၄ ဘီလျံ ရရှိရန်မျှော်မှန်းထားကြောင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ် ကြားကာလဖြစ်သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ခြောက်လအတွင်း ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေ စသည့်တို့အပြင် အခြားသောအခွန်အရပ်ရပ်ကောက်ခံရရှိမှုမှ ကျပ် ၃၀၆၉ ဘီလျံ ကောက်ခံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ထားသည့် နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

အခွန်အရပ်ရပ်ကောက်ခံရရှိမှုအနက် ဝင်ငွေခွန်တစ်ခုတည်းမှ ကောက်ခံရရှိမှု ကျပ် ၁၄၂၄ ဘီလျံကျော်ရှိပြီး စုစုပေါင်းကောက်ခံရရှိမှု၏ ၄၆ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်သည်။ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရရှိမှု ကျပ် ၉၉၈ ဘီလျံကျော်ရှိပြီး စုစုပေါင်းကောက်ခံရရှိမှု၏ ၃၃ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံးဖြစ်သည်။

သို့သော် လက်ရှိတွင် အခွန်ရရှိမှုကျဆင်းနေသဖြင့် အခွန်ရှောင်တိမ်းမှု (Tax Evasion)ကို ကျူးလွန်သူများသည် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေအရ အရေးယူခံရမည့်အပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေအရလည်း ထပ်မံတရားစွဲဆိုခံရမည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်တွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *