
၅.၂.၂၀၂၅.
Translated by Htwe Ko Tun
အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အမေရိကန်အစိုးရမှ နိုင်ငံအများအပြားသို့ အထောက်အပံ့ပေးနေသည်ဆိုသည့် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတက်ရေးအေဂျင်စီ (USAID) ကို ရပ်ဆိုင်းခဲ့ပြီးနောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရကလည်း ရပ်ဝန်းနှင့် ပိုးလမ်းမစီမံချက်၏ ကမကထပြုမှုဖြင့် လစ်ဟာနေသော ကွက်လပ်များဖြစ်သည့်အခြေခံအဆောက် အအုံစီမံကိန်းများကို ငွေကြေးထောက်ပံ့မှုများအတွက် ဆက်လက်ပြုလုပ်လာနိုင်ကြောင်း အကဲဖြတ်များက သုံးသပ်ခဲ့ကြသည်။
ဆယ့်နှစ်နစ်သက်တမ်းရှိပြီဖြစ်သော ရပ်ဝန်းနှင့်ပိုးလမ်းမစီမံချက်က ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားရှိ အဝေးပြေးလမ်းများ၊ ဆိပ်ကမ်းများနှင့် ဓာတ်အားပေးစက်ရုံများအတွက် အတိုးနည်းချေးငွေများပံ့ပိုးပေးလျက်ရှိသည်။ ထိုစီမံကိန်းများအနက် အများအပြားကလည်း ယခု ရက်သတ္တပတ်အတွင်း သမ္မတထရန့် ရပ်ဆိုင်းလိုက်သည့် USAID မှ ငွေကြေးထောက်ပံ့မှုရယူနေသူများဖြစ်သည်ကို တွေ့ရပေသည်။
ထို့ကြောင့်လည်း ကမ္ဘာ့နိုင်ငံများအဖို့ သက်တမ်း ၆၄ နှစ်ရှိ USAID ထောက်ပံ့ရေးအစီအစဉ်အပေါ် ၎င်းတို့၏ အခြေခံအဆောက်အအုံစီမံကိန်းများအတွက် မှီခိုနေကြရသောအခြေအနေမှ အထောက်အပံ့ပေးမှု (သို့မဟုတ်) အခြားသော လိုက်လျောညီထွေရင်းနှီးမြှုပ်နှံမှုများအတွက် တရုတ်က စတင်ကမ်းလှမ်းမှုမပြုခဲ့လျှင်တောင်မှ မှီခိုအားထားမှု ပြုကြရမည့်အခြေအနေသို့ ရောက်နေကြသည်ဟုလည်း ဆိုရပေမည်။
ဟောင်ကောင် သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ ပြည်သူ့မူဝါဒရေးရာပါမောက္ခ Sharif Naubakhar က “လစ်ဟာမှုတစ်ရပ်ဖြစ်လာရတာပဲ” ဟု ပြောခဲ့သည်။
အမေရိကန်ပြည်ထောင်စု၊ နယူယော့ခ်ပြည်နယ်ရှိ Cornell တက္ကသိုလ်မှ စီးပွားရေးနှင့်မူဝါဒရေးရာ ပါမောက္ခ ခရစ်စတိုဖား ဘားရက်ကလည်း ဖေဖော်ဝါရီ ၃ ရက်က ထုတ်ပြန်ခဲ့သော ကြေညာချက်တစ်ရပ် တွင် USAID အစီအစဉ် ရပ်ဆိုင်းခဲ့ခြင်းတွင် တရုတ်နိုင်ငံက ‘ပြည်ပရှိအရေးကြီးသော အရင်းအမြစ်များသို့ ဝင်ရောက်ခွင့်ရရေး’ နှင့် ‘အမေရိကန်နိုင်ငံ အကျိုး စီးပွားမဟုတ်စေသည့် မဟာမိတ်များတည်ဆောက်ရေး’တို့၌ အောင်နိုင်သူဖြစ်လိမ့်မည်ဟု ဖော်ပြခဲ့သည်။
အာရှတွင် အမေရိကန်၏ထောက်ပံ့မှုအကူအညီကို နှစ်စဉ်အများဆုံးရရှိသူဖြစ်ပြီး လက်ရှိတွင် စီးပွားရေးအရ အခက်အခဲတွေ့နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမူ USAID ရပ်ဆိုင်းပြီးနောက် တရုတ်နိုင်ငံအား အကူအညီပေးဖို့ ပထမဆုံး ချဉ်းကပ်သည့်နိုင်ငံဖြစ်လိမ့်မည်ဟု Council on Foreign Relations ခေါ် အမေရိကန် Think Tank ပညာရှင်အဖွဲ့တစ်ခုမှ အကဲဖြတ်သုံးသပ်သူများက ဇန်နဝါရီလ ၂၉ ရက်တွင် ပြောခဲ့ကြသည်။ ထိုအဖွဲ့၏ လေ့လာချက်တွင်လည်း တရုတ်အစိုးရအနေနှင့် ဘင်္ဂလားဒေ့ရှ်အား ချေးငွေ (သို့မဟုတ်) ထောက်ပံ့ငွေ ပိုပေးရန် ကမ်းလှမ်းလာမည်မှာအသေအချာဟု ဆိုခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကြားဖြတ်အစိုးရအနေဖြင့်လည်း အကြွေးနွံထဲတွင်နစ်နေပြီး စီးပွားရေးဖွံ့ဖြိုးမှုလည်း လျော့ကျကာ ငွေကြေးတန်ဖိုးကျမှုကိုပါ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံချက်အောက်တွင် စီမံကိန်းများစွာကို ငွေကြေးပံ့ပိုးပေးထားကြောင်း ထို Think Tank အဖွဲ့က ပြောခဲ့သည်။
USAID အစီအစဉ် ရပ်ဆိုင်းခြင်းနှင့်အတူ ၎င်းကနိုင်ငံတကာတွင် ထောက်ပံ့နေသော ဒေါ်လာဘီလျံနှင့် ချီ၍ အမေရိကန်အစိုးရက ရပ်ဆိုင်းလိုက်မည်ဖြစ်သည်။
ထိုအတောအတွင်း ဘရပ်ဆဲလ်မြို့ အခြေစိုက် Bruegal Think Tank အဖွဲ့ ကလည်း အိန္ဒိယနိုင်ငံမှလွဲ၍ ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံအများစုက ရပ်ဝန်းနှင့်ပိုးလမ်းမစီမံချက်တွင် ပိုမိုပါဝင်လာကြမည်ဟုဆိုခဲ့သည်။
စင်ကာပူနိုင်ငံ၊ ISEAS-Yusof Ishak တက္ကသိုလ်မှ အဆင့်မြင့်ဆရာတစ်ဦးဖြစ်သည့် Jayant Menon က “သေချာတာကတော့ အမေရိကန်ရဲ့ တန်ခိုးဩဇာအရှိန်အာဏာက ကျဆင်းလာတယ်ဆိုတာပဲ။ ဒီနေရာကို ဒီပြင်နိုင်ငံတွေက ဝင်ယူကြမယ့်ထဲမှာ တရုတ်နိုင်ငံလည်း အပါအဝင်ပေါ့” ဟု ဆိုခဲ့သည်။
သို့ရာတွင် ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံချက်အနေနှင့် USAID အစီအစဉ်မှ အထောက်အပံ့ယူထားသော စီမံကိန်းများအားလုံးအတွက် ဝင်ရောက်အစားထိုးနေရာယူပေးရန်မှာမူ ဖြစ်နိုင်မည်မဟုတ်ပေ။ ဂျပန်၊ တောင်ကိုရီးယားနှင့် အနောက်ဥရောပတို့မှ အထောက်အပံ့ပေးရေးစီမံချက်များကလည်း USAID အစီအစဉ်လုံးဝရပ်ဆိုင်းချိန်တွင် ကမ္ဘာ့ဆင်းရဲသောနိုင်ငံများသို့ထောက်ပံ့ရန် ဝင်ရောက်နေရာယူလာကြဖွယ်ရှိသည်ဟု Menon က ပြောကြားသွားခဲ့သည်။
Ref- SCMP