၁၄. ၁. ၂၀၂၃
Written by Pan Ei
တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင် အဆိုတော်၊ သရုပ်ဆောင်မင်းသား လီဆောင်ဂီဟာ ဇန်နဝါရီ ၁၃ ရက်မှာ ကျရောက်ခဲ့တဲ့ ၃၇ နှစ်ပြည့် မွေးနေ့အလှူအနေနဲ့ တောင်ကိုရီးယားကြက်ခြေနီအဖွဲ့ကို ဝမ် သန်း ၅၅၀ (ဒေါ်လာ ၄၄၂,၅၀၀ ခန့်) လှူဒါန်းခဲ့ပါတယ်။
ဒီလိုမျိုး လှူဒါန်းမှုအခမ်းအနားမှာ တောင်ကိုရီးယားကြက်ခြေနီအသင်းဥက္ကဋ္ဌ ရှင်ဟီယန်းက အလှူရှင် Lee Seung Gi ကို ဂုဏ်ထူးဆောင်လက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
လီဆောင်ဂီဟာ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ပံ့ပိုးကူညီဖို့ စားသောက်ကုန်တင် ရွေ့လျားထရပ်ကားတွေနဲ့ သွေးလှူဒါန်းဖို့ လိုအပ်တဲ့နေရာတွေမှာ အသုံးပြုနိုင်ဖို့အတွက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
လှူဒါန်းမှုအခမ်းအနားပြီးတဲ့နောက်မှာ “ဘေးအန္တရာယ်ကြုံတွေ့နေရချိန်မှာ လက်တွေ့ကျတဲ့အကူအညီ ပေးချင်ခဲ့ကြောင်း၊ လိုအပ်နေတဲ့ အိမ်နီးနားချင်းတွေကို နွေးထွေးတဲ့ အစားအစာတွေပေးနိုင်ရင် ကောင်းမယ်ထင်တာကြောင့် စားသောက်ကုန်တင် ရွေ့လျားထရပ်ကားတွေ လှူဒါန်းဖို့ လေ့လာခဲ့ကြောင်းနဲ့ ဒီဆောင်းရာသီမှာ ကိုဗစ်ရောဂါ ပြန်လည်ဖြစ်ပွားပြီးနောက် ပိုမိုဆိုးရွားလာတဲ့ သွေးထောက်ပံ့မှု ရှားပါးလာတာတွေကို လျော့နည်းသွားစေနိုင်ဖို့ မျှော်လင့်ကြောင်း ” လီဆောင်ဂီက ပြောခဲ့ပါတယ်။
အလှူအတန်းရက်ရောတဲ့ မင်းသား လီဆောင်ဂီဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း ဆိုးလ်အမျိုးသားတက္ကသိုလ် ကလေးဆေးရုံကို ဝမ် ၂ ဘီလျံ လှူဒါန်းခဲ့ပါသေးတယ်။
Ref; Soompi