
၄.၂.၂၀၂၅.
Translated by Htwe Ko Tun
ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှု ကျားဖြန့်ဒုစရိုက်ဂိုဏ်းတွေက သူတို့ရဲ့ ဥပဒေနဲ့မညီတဲ့ လုပ်ငန်းတွေအတွက် ရယူသုံးစွဲနေတယ်လို့သံသယရှိရတဲ့ မြန်မာနိုင်ငံရဲ့နယ်မြေတွေကို လျှပ်စစ်ဓာတ်အားထောက်ပံ့ပေးပို့နေမှုကို ၅၀ ရာခိုင်နှုန်း ဖြတ်တောက်သွားမှာဖြစ်တယ်လို့ ထိုင်းအစိုးရ ကာကွယ်ရေးဝန်ကြီး ဖွမ်သမ်ဝီချာရာချိုင်းက ဖေဖော်ဝါရီလ ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
မစ္စတာ ဖွမ်သမ်က ဖေဖော်ဝါရီလ ၃ ရက်က ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ဒေသဆိုင်ရာဓာတ်အားပေးရေး အာဏာပိုင်အဖွဲ့တို့က တာဝန်ရှိသူတွေနဲ့ အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေး ပြုလုပ်အပြီးမှာ အခုလို ကတိပြုလိုက်တာလည်း ဖြစ်ပါတယ်။ အစည်းအဝေးမှာ ဥပဒေနဲ့မညီဆောင်ရွက်မှုတွေနဲ့ ဆက်စပ်နေတဲ့ ဘယ်နယ်မြေတွေကို ဓာတ်အားပေးပို့နေမှု ဖြတ်တောက်မလဲဆိုတာ ဆွေးနွေးခဲ့ကြပါတယ်။
ဒုတိယဝန်ကြီးချုပ်တစ်ဦးလည်းဖြစ်တဲ့မစ္စတာ ဖွမ်သမ်က နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဒီဆုံးဖြတ်ချက်ကို မြန်မာဘက်ကို အကြာင်းကြားသွားမယ်လို့လည်း သိရပါတယ်။ ခုလို လျှပ်စစ်ဓာတ်အားဖြတ်တောက်မှုက ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ် မဲဆောက်ခရိုင်ရဲ့ တစ်ဖက်ကမ်းဖြစ်တဲ့ မြန်မာနိုင်ငံ၊ ရွှေကုက္ကိုရွာတို့လို နယ်စပ်မျဉ်းပေါ်ရှိ မြန်မာနိုင်ငံရဲ့ မြို့ရွာတချို့ကို သက်ရောက်မှုရှိမှာဖြစ်ပါတယ်။ အဲဒီနေရာတွေကလည်း အွန်လိုင်းလိမ်လည်မှု ကျားဖြန့်ဒုစရိုက်ဂိုဏ်းတွေရဲ့ စခန်းတွေအဖြစ် သိထားကြတာပါ။ ဖွမ်သမ်က ဒီလို လျှပ်စစ်ဓာတ်အား ၅၀ ရာခိုင်နှုန်းဖြတ်တောက်ဖို့ အမိန့်ထုတ်ခဲ့အပြီးမှာ ထိုင်း- မြန်မာနယ်စပ် တစ်လျှောက်အခြေအနေကိုစစ်ဆေးဖို့ ဇန်နဝါရီလ ၃၀ ရက်က မဲဆောက်ခရိုင်ကို သွားခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။
သူက ဒေသဆိုင်ရာဓာတ်အားပေးရေး အာဏာပိုင်အဖွဲ့ (PEA) အနေနဲ့ တကယ်လို့ ထောက်ပံ့လျှပ်စစ်ဓာတ်အားကို ဒုစရိုက်ဂိုဏ်းတွေက အသုံးချနေတယ်လို့ သံသယရှိရရင် အစိုးရအဖွဲ့ အတည်ပြုချက်မရယူဘဲ ဓာတ်အားထောက်ပံ့မှုကို PEA အနေနဲ့ ဖြတ်တောက်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
ဒီအတောအတွင်း ပြည်ထဲရေးဝန်ကြီး အနျူတင် ချန်ဗီရာကူလ်ကလည်း မြန်မာနိုင်ငံအတွင်း ကျားဖြန့်ဂိုဏ်းတွေနဲ့ တခြားဒုစရိုက်ဂိုဏ်းတွေက ထိုင်းနိုင်ငံကထောက်ပံ့တဲ့ လျှပ်စစ်ဓာတ်အားကို ရယူအသုံးပြုနေတယ်လို့ အမျိုးသားလုံခြုံရေးကောင်စီက ယုံကြည်တဲ့နေရာတွေရှိရင် ထောက်ပြဖို့ မေးခဲ့တယ်လို့ ပြောခဲ့ပါသေးတယ်။ ဒုတိယဝန်ကြီးချုပ်တစ်ဦးလည်းဖြစ်တဲ့ အနျူတင်က တကယ်လို့ အတည်ပြုနိုင်ရင် ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ လျှပ်စစ်ဓာတ်အားထောက်ပံ့မှုကို ဖြတ်တောက်မှာပါလို့ ပြောခဲ့ပါတယ်။
အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူးချုပ်ချတ်ချိုင်းဘန်ချော့ဒ်က လျှပ်စစ်ဓာတ်အားဖြတ်တောက်ဖို့ ဘယ်လိုဆုံးဖြတ်ချက်မျိုးမဆို PEA ရဲ့ လျှပ်စစ်ဓာတ်အားထောက်ပံ့ဖို့ သဘောတူညီချက်တွေနဲ့ အိမ်နီးချင်းနိုင်ငံကပြည်သူတွေကို သက်ရောက်မှုရှိနိုင်တယ်လို့ ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံက ထိုင်းနိုင်ငံရဲ့ မြဝတီခရိုင်အတွင်း ရှိနေကြတဲ့ ကျားဖြန့်ဂိုဏ်းတွေကို လုပ်ငန်းလည်ပတ်ဖို့အရင်းအမြစ်တွေ ထောက်ပံ့ပေးနေမှုကိုရပ်တန့်ဖို့ တောင်းဆိုခဲ့ပြီးနောက် သူ့အနေနဲ့ ထိုကိစ္စအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ PEA၊ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ထောက်လှမ်းရေးလုပ်ငန်းတွေနဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။
ချင်းရိုင်ပြည်နယ်၊ မယ်ဆိုင်ခရိုင် တစ်ဖက်ကမ်း တာချီလိတ်မြို့နဲ့ တက်ခ်ပြည်နယ် မဲဆောက်ခရိုင်ရဲ့ တစ်ဖက်ကမ်း မြဝတီမြို့နဲ့ ကန်ချနာဘူရီပြည်နယ်နဲ့ ကပ်ရက် ဘုရားသုံးဆူမြို့တို့မှာ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုလှုပ်ရှားမှုတွေရှိတဲ့ အထောက် အထားတွေ တွေ့ရတယ်လို့လည်း သူက ပြောခဲ့ပါသေးတယ်။
ဒါ့ပြင် ချတ်ချိုင်းက ကျားဖြန့် ဒုစရိုက်ဂိုဏ်းတွေဟာ နှစ်နိုင်ငံနယ်စပ်မှာ ရှိနေကြတဲ့ ကာစီနိုလောင်းကစားရုံတွေနဲ့လည်း ဆက်စပ်မှုရှိဟန်ပေါ်တယ်လို့ ပြောခဲ့ပါတယ်။
PEA ဒုတိယအုပ်ချုပ်ရေးမှူး ပရာဆစ် ဂျွန်ပရာဆစ်ကလည်း PEA လျှပ်စစ်ဓာတ်အားထောက်ပံ့မှုဖြတ်တောက်ခြင်းမပြုခင် လျှပ်စစ်ဓာတ်အားကို ဒုစရိုက်ဂိုဏ်းတွေကပါ ရယူသုံးစွဲနေတယ်ဆိုတာ ယုံကြည်ရဖို့ နယ်မြေတွေအတွင်း သဘောထားလေ့လာချက်တွေ ကောက်ယူသွားမယ်လို့လည်း ပြောခဲ့ပါတယ်။
Ref- Bangkok Post