
၃.၂.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုက ပနားမားနိုင်ငံကို နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ သူ့ရဲ့ ပထမဆုံးပြည်ပခရီးအဖြစ်ရောက်ရှိလာခဲ့ရာမှာ ပနားမားသမ္မတ ဂျို့စ်ရောလ် မူလီနို ဆီကို သတိပေး သဝဏ်လွှာတစ်ရပ်ကို ဖေဖော်ဝါရီလ ၂ ရက်က ပေးပို့ခဲ့တယ်လို့သိရပါတယ်။
သဝဏ်လွှာမှာ ပနားမားအစိုးရအနေနဲ့ တူးမြောင်းနယ်မြေတစ်ဝိုက်မှာ တရုတ်နိုင်ငံက ဩဇာလွှမ်းမိုးလာတာကို ချက်ချင်းလျှော့ချဖို့နဲ့ ဒါမှမဟုတ်ရင် အမေရိကန်ပြည်ထောင်စုထံမှ လက်တုံ့ပြန်အရေးယူဖို့ အလားအလာရှိတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောခဲ့တယ်လို့ ဖော်ပြထားတယ်လို့ သိရပါတယ်။
ကမ္ဘာ့ကုန်သွယ်ရေးအတွက့် အဓိကကျတဲ့ ပနားမားတူးမြောင်း ရေလမ်းကြောင်းစီမံခန့်ခွဲမှုမှာ အမေရိကန်အစိုးရသစ်ရဲ့ ဖိအားပေးမှုကို ဆန့်ကျင်ဖို့ကြိုးစားခဲ့တဲ့ ပနားမားသမ္မတ မူလီနိုနဲ့ မျက်နှာချင်းဆိုင်တွေ့ပြီးဆွေးနွေးမှုတွေကို ရူဘီအိုက ပြုလုပ်ခဲ့တာပါ။

ဆွေးနွေးပွဲအပြီးမှာတော့ မူလီနိုက ရူဘီအိုအနေနဲ့ တူးမြောင်းကို ပြန်လည်ရယူမယ် ဒါမှမဟုတ် စစ်အင်အားအသုံးပြုမယ် ဆိုတဲ့ ဘယ်လို ခြိမ်းခြောက်မှုတွေကိုမှ မပြောခဲ့ပါဘူးလို့ သတင်းထောက်တွေကိုပြောခဲ့ပါတယ်။
ဒေါ်နယ်ထရန့် ကိုယ်စား လာရောက်ဆွေးနွေးရာမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီအိုက သမ္မတ မူလီနို ကို တူးမြောင်းတစ်ဝိုက်မှာ တရုတ်အစိုးရကတည်ရှိလွှမ်းမိုးထားတာက အမေရိကန်က ပနားမားကို တူးမြောင်းလွှဲပေးဖို့ ၁၉၉၉ ခုနှစ်က နှစ်နိုင်ငံ ချုပ်ဆိုခဲ့တဲ့ စာချုပ်ကို ဖောက်ဖျက်နေတယ်လို့ သမ္မတထရန့်က ယူဆတယ်ဆိုတာ ပြောခဲ့ပါတယ်။
ရူဘီအိုက ဒီအခြေအနေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်မခံနိုင်တဲ့အတွက် ချက်ချင်းပြောင်းလဲမှုတွေ မဆောင်ရွက်ပေးရင် စာချုပ်ပါအခွင့်အရေးတွေကို ကာကွယ်ဖို့ဆောင်ရွက်ဖို့လိုလာမယ်ဆိုတာကိုလည်း ပြောခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒီကိစ္စကို ကြေညာချက်ထုတ်ခဲ့ပါတယ်။ ကြေညာချက်က သံတမန်ရေးရာမဆန်ဘဲ ပွင့်လင်းစွာနဲ့ တုံးတိပြောဆိုထားတယ်လို့ ဆိုရမှာဖြစ်ပေမယ့် ထရန့်ရဲ့ နိုင်ငံခြား ရေးမူဝါဒအတွက် တင်းမာမှုလေသံနဲ့တော့အညီပဲလို့ဆိုရမှာပါ။ အမေရိကန်အစိုးရက အိမ်နီးချင်း ကနေဒါနဲ့ မက္ကဆီကိုတို့ကိုလည်း ကုန်သွယ်စည်းကြပ်ခွန်တွေတိုးမြှင့်ကောက်ခံတယ်လို့ ဖေဖော်ဝါရီလ ၁ ရက်မှာ ထရန့်က အမိန့်ထုတ်လက်မှတ်ထိုးခဲ့ပါတယ်။
ပနားမားသမ္မတ မူလီနိုက ရူဘီအိုနဲ့ ဆွေးနွေးပွဲက လေးစားဖွယ်နဲ့ အပြုသဘောင်လည်းဆောင်ပြီး ခြိမ်းခြောက်မှုတစ်ခုအနေနဲ့ မခံစားရဘူးလို့လည်း ပြောခဲ့ပါတယ်။ သူက တရုတ်နိုင်ငံနဲ့ BRI စီမံချက်သက်တမ်းတိုးမှုကို ဒီတစ်ခါသက်တမ်းကုန်ဆုံးပြီးရင် ထပ်မတိုးတော့ဘူးလို့လည်း ပြောခဲ့ပါတယ်။ ပနားမားအစိုးရက BRI စီမံချက်ထဲကိုဝင်ကာ တရုတ်တိုင်ဝမ်ကို အသိအမှတ်ပြုမှုတွေလျှော့ချခဲ့ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို အသိအမှတ်ပြုခဲ့တာပါ။
Ref- AP