
ပုံစာ။ မုဒိမ်းကျင့်ဖို့ ကြိုးစားသူ အန်နူဝက်ကို ဖမ်းဆီးမှုနှင့် ပြုကျင့်ရန် ကြိုးပမ်းခံရသူ မြောင်တို့ တွေ့ရစဉ်။
၃. ၂. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ချွန်ဘူရိမြို့မှာ ထိုင်းအမျိုးသမီးတစ်ဦးဟာ မစင်စွန့်မယ်ဟန်ဆောင်ပြီး မုဒိမ်းကျင့်ဖို့ ကြိုးပမ်းသူအိပ်ပျော်သွားတဲ့အထိ ရေချိုးခန်းအတွင်း ကိုယ့်ကိုယ်ကိုယ် သော့ခတ်ကာနေခဲ့တာကြောင့် မုဒိမ်းကျင့်ဖို့ ကြိုးပမ်းခံရမှုက လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။


မုဒိမ်းကျင့်ဖို့ကြိုးပမ်းသူဟာ အန်နူဝက်ဆိုသူ အမျိုးသားဖြစ်ပြီး တရားခံကို ကျူးလွန်ဖို့ကြိုးပမ်းခံရသူရဲ့ အိပ်ရာပေါ်မှာ ဖမ်းမိခဲ့တာပါ။ ပြုကျင့်ဖို့ ကြိုးပမ်းခံရသူ အသက် ၄၀ အရွယ် မြောင် (Meow) ဟာ အိမ်နီးချင်းတွေ အကူအညီရယူဖို့ နေအိမ်ကထွက်ပြေးပြီး ဖေဖော်ဝါရီ ၁ ရက် မနက် ၆ နာရီခွဲမှာ ပန်သုန်ရဲစခန်းကို အကြောင်းကြားချိန်အထိ အသက် ၃၅ နှစ်အရွယ် တရားခံအန်နူဝက်(Anuwat) ဟာ သူမအိပ်ခန်းထဲ အိပ်ပျော်နေဆဲပါ။
ရဲအရာရှိတွေဟာ အခင်းဖြစ်ပွားရာကို အလျင်အမြန်သွားရောက်ပြီး အန်နူဝက်ကို နှိုးပြီး ဖမ်းဆီးခဲ့ပေမဲ့ အန်နူဝက်က ဖြစ်ပျက်ခဲ့သမျှကို မမှတ်မိနိုင်ဘဲ ကျူးလွန်ခံရသူ မြောင်နဲ့ နှစ်ဦး သဘောတူလိင်ဆက်ဆံဖို့ ကြိုးပမ်းတယ်လို့ ယုံကြည်ကြောင်း ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။
ပြုကျင့်ဖို့ကြိုးပမ်းခံရသူ မြောင်ရဲ့ ခင်ပွန်းကလည်း ရဲတပ်ဖွဲ့နဲ့အတူ တစ်ချိန်တည်းမှာ နေအိမ်ဆီ ရောက်ရှိလာပြီး စိတ်ဆိုးဒေါသထွက်နေတဲ့ ခင်ပွင်းဖြစ်သူက ရဲတပ်ဖွဲ့နဲ့ လူထုရှေ့မှာပဲ အန်နူဝက် မျက်နှာကို ထိုးကြိတ်ခဲ့ပါသေးတယ်။ ဒါကြောင့် ဒေသခံလူထုက အန်နူဝက်ကို တိုက်ခိုက်ဖို့ကြိုးပမ်းလို့ ရဲတပ်ဖွဲ့က တရားခံကို အခင်းဖြစ်ပွားရာက အမြန်ဆွဲထုတ်ခဲ့ရပါတယ်။
မြောင်က အန်နူဝက်ဟာ သူမရဲ့ ညီမဖြစ်သူနဲ့ ပရောပရီလုပ်ခဲ့ဖူးပြီး အိမ်ကိုတစ်ခေါက်ရောက်လာပေမဲ့ သူတို့နှစ်ယောက်က ဘာမှဆက်ဖြစ်မလာဘဲ အခင်းဖြစ်ပွားတဲ့ ဖေဖော်ဝါရီ ၁ ရက် မနက် ၄ နာရီအချိန်မှ မြောင်ရဲ့နေအိမ်ကို သူရောက်လာတာပါ။ အဲဒီအချိန်မှာ အန်နူဝက်နဲ့ ပရောပရီလုပ်ဖူးတဲ့ မြောင်ရဲ့ညီမက နေအိမ်မှာ မရှိသလို မြောင်ရဲ့ ခင်ပွန်းကလည်း ညဆိုင်းဆင်းနေချိန်ပါ။ အန်နူဝက်ဟာ အခန်းတံခါးခေါက်ချိန်မှာ ခင်ပွန်း ဒါမှမဟုတ် ညီမထင်လို့ ပြန်ပြောနေချိန် အန်နူဝက်က တံခါးကို တွန်းဖွင့်လာပြီး အံ့အားသင့်နေတဲ့ မြောင်ကို ပါးစပ်လက်နဲ့အုပ် အဝတ်နဲ့ ဘောင်းဘီရှည်ချွတ်ချပြီး လိင်ဆက်ဆံဖို့ ကြိုးပမ်းခဲ့တာပါ။

မြောင်ဟာ လိင်ဆက်ဆုံဖို့ သဘောတူဟန်ပြုလိုက်ပေမဲ့ ပထမဆုံး မစင်စွန့်ဖို့လိုတယ်လို့ ဖြားယောင်းပြီး ရေချိုးခန်းအတွင်းဝင်ခဲ့သလို အိမ်နီးချင်းတွေ သတိပြုမိဖို့ ကျယ်ကျယ်လောင်လောင်အသံထွက်ဖို့ လုပ်ခဲ့ပေမဲ့ တုံ့ပြန်မှု မရခဲ့ပါဘူး။ ဒီမှာ အန်နူဝက်က ရေချိုးခန်းတံခါး တွန်းဖွင့်ဖို့ ကြိုးပမ်းလာတာကြောင့် သူမက အမှန်တကယ်ဝမ်းသွားနေကြောင်း ယုံကြည်စေဖို့ လုပ်ဆောင်ပြခဲ့သလို အိပ်ရာပေါ်ကစောင့်ဖို့ပြောပြီး အန်နူဝက် အိပ်ပျော်သွားချိန်မှ အိမ်နီးချင်းတွေဆီထွက်ပြေး လွတ်မြောက်ခဲ့တာပါ။
ရဲတပ်ဖွဲ့က အန်နူဝက်ရဲ့ မူမမှန်တဲ့ လုပ်ရပ်ကို စစ်ဆေးနေပြီး စွဲဆိုထားတဲ့ ပုဒ်မတွေ ဖွင့်မပြောထားပေမဲ့ အန်နူဝက်ဟာ အိမ်ကျော်နင်းမှုပုဒ်မ ၃၆၅၊ လိင်စော်ကားဖို့ ကြံစည်မှု ၂၇၈ တွေနဲ့ ထောင်ဒဏ်အမြင့်ဆုံး ဆယ်နှစ်အပြင် ငွေဒဏ် ဘတ်သန်းချီ ကျခံရနိုင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုခံရနိုင်တဲ့အခြေအနေရှိနေတယ်လို့ သိရပါတယ်။
Ref., The Thaiger