
ပုံစာ။ ဦးဝင်းဦးနှင့် သူရိန်ဝင်းကို ပစ်ခတ်သတ်ဖြတ်ခဲ့စဉ်က မြင်ကွင်းနှင့် ကျူးလွန်သည့် မန္တလေးမြို့ပြပြောက်ကျား မြနန္ဒာ (မန္တလေး)မှ PDF သုံးဦးကို ဖမ်းမိထားမှုမြင်ကွင်း။
၃. ၂. ၂၀၂၅
Written by Nay Moe
အောင်သာယာရပ်ကွက် ရာအိမ်မှူးနှင့် အခြားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်သည့် မန္တလေးမြို့ပြပြောက်ကျား မြနန္ဒာ (မန္တလေး)မှ PDF သုံးဦးကို ဖမ်းမိခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။


ဖမ်းမိမှုဖြစ်စဉ်မှာ မန္တလေး PDF များဟု သတင်းရရှိထားမှုအရ သက်သေများနှင့်အတူ ယမန်နေ့ ည ၈ နာရီခွဲအချိန်တွင် ချမ်းမြသာစည်မြိုနယ်၊ ထွန်တုံးရပ်ကွက်၊ ၁၁၃ လမ်း၊ ၄၈×၄၉ လမ်းကြားရှိ နန်းဝင်းစိုး၏ နေအိမ်အား ကြေးသွန်းလုပ်ငန်းလုပ်ကိုင်သူ အသက် ၃၈ နှစ်အရွယ် နန်းဝင်းစိုးနှင့် အသက် ၂၀ ခန့်အရွယ် ဆေးသုတ်လုပ်ငန်းလုပ်ကိုင်သူ မင်းခန့် (ခ)ဂူးဂူးတို့အား နေအိမ်အတွင်းမှ ၉ မမကျည် ၁ တောင့်နှင့်အတူ ဖမ်းမိခဲ့သည်။
ဖမ်းမိတရားခံများကို စစ်ဆေးခဲ့ရာ လက်ပစ်ဗုံးနှင့် ပစ္စတိုသေနတ်များအား တစ်ရပ်ကွက်တည်းနေထိုင်သူ အောင်အောင်(ခ) အောင်လေး၏ နေအိမ်တွင် သိမ်းဆည်းထားရှိကြောင်း စစ်ဆေးသိရှိရသဖြင့် ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် ချမ်းမြသာစည်မြိုနယ်၊ ထွန်တုံးရပ်ကွက်၊ ၁၁၃ လမ်း၊ ၄၇×၄၈ လမ်းကြားရှိ အောင်အောင်(ခ) အောင်လေး၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဆင်းတုတော်လုပ်ငန်းလုပ်ကိုင်သူ အသက် ၃၆ နှစ်အရွယ် အောင်အောင်(ခ) အောင်လေးအား ဖမ်းဆီးရမိခဲ့သလို အဆိုပါနေအိမ်အတွင်းမှ MG-1 ပလပ်စတစ် လက်ပစ်ဗုံး ၁၁ လုံး၊ 91 လက်ပစ်ဗုံး ၁လုံး၊ တရုတ်လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်ပစ္စတို ၄ လက်၊ LUGER ကျည် ၁၇ တောင့်အား ရှာဖွေသိမ်းဆည်းရမိခဲ့သည်ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သော သတင်းဌာနများတွင် ဖော်ပြထားသည်။

ထို့နောက် တရားခံများကို ဆက်လက်စစ်ဆေးချက်အရ နန်းဝင်းစိုးသည် မြိုင်မြို့နယ်နေထိုင်သူ အောင်ခန့်(စိစစ်ဆဲ)နှင့်အတူ သေဆုံးသူ ရာအိမ်မှူး ဦးဝင်းဦးနှင့် ဒဏ်ရာရရှိသူ သူရိန်ဝင်း(ခ)ပြည်ကြီးတို့ (၂)ဦးအား ဇန်နဝါရီ ၂၆ ရက်က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း စစ်ဆေးသိရှိရကြောင်းနှင့် ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း ကနဦး သိရသည်။
ဦးဝင်းဦးနှင့် ကိုသူရိန်ဝင်းတို့နှစ်ဦးကို PDF များက ပစ်ခတ်သတ်ဖြတ်ခဲ့ကြကြောင်း MT News က ဇန်နဝါရီ ၂၆ ရက်တွင် သတင်းဖော်ပြခဲ့သလို အဆိုပါသတ်ဖြတ်သူများမှာ မန္တလေးမြို့ပြပြောက်ကျား မြနန္ဒာ (မန္တလေး)မှ PDF များဖြစ်သည်ဟုလည်း NLD၊ NUG နှင့် PDF ထောက်ခံသည့် မီဒီယာများက ဖော်ပြခဲ့သည်။
ပုံစာ။ ဦးဝင်းဦးနှင့် သူရိန်ဝင်းကို ပစ်ခတ်သတ်ဖြတ်ခဲ့စဉ်က မြင်ကွင်းနှင့် ကျူးလွန်သည့် မန္တလေးမြို့ပြပြောက်ကျား မြနန္ဒာ (မန္တလေး)မှ PDF သုံးဦးကို ဖမ်းမိထားမှုမြင်ကွင်း။