
၃. ၂. ၂၀၂၅
Translated by Tha Doe
လွန်ခဲ့တဲ့ခြောက်နှစ်က အိမ်ခြံမြေ လိမ်လည်မှုတစ်ခုမှာ ထိုင်းဘတ်ငွေ ၃ သန်း ဆုံးရှုံးခဲ့ရလို့ စိတ်ဖိစီးမှုဒဏ်ခံနေရတဲ့ အမျိုးသားတစ်ဦးဟာ အီဆန်ပြည်နယ်၊ အူဘုန်ရတ်ချာဌာနီမြို့မှာရှိတဲ့ ဆေးရုံတစ်ရုံကို မီးရှို့ခဲ့တာကြောင့် ဆေးရုံဟာ ဘတ်ငွေ သန်း ၁၀၀ ကျော်ဖိုး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုဖြစ်စဥ်က ဇန်န၀ါရီလ ၃၁ ရက် သောကြာနေ့ ညနေပိုင်းအချိန်က Det Udom Royal Crown Prince Hospital ဆေးရုံ တတိယထပ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆေးပညာရှင်တွေက လူနာတွေကို ဘေးကင်းစွာ အမြန်ကယ်ထုတ်ခဲ့ပေမယ့် အခြေအနေတွေက ကမောက်ကမ ဖြစ်နေခဲ့ပါတယ်။ မီးငြှိမ်းသတ်ရာမှာ တစ်နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရပြီး ဘတ်ငွေ သန်း(၁၀၀)ကျော်တန်ဖိုးရှိ ဆေးဘက်ဆိုင်ရာပစ္စည်းတွေနဲ့ စက်ပစ္စည်းတွေ မီးလောင်ပျက်စီးခဲ့တာပါ။


မျက်မြင်သက်သေတွေပြောဆိုမှုအရ အမျိုးသားတစ်ဦးဟာ ဓာတ်ဆီအိတ်ကို ကိုင်ဆောင်မီးညှိပြီး ဆေးရုံကုတင်အလွတ်ပေါ် ပစ်ချတာကို မြင်တွေ့ခဲ့ရတယ်လို့ သက်သေထွက်ဆိုခဲ့သလို ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက မီးငြှိမ်းသတ်ဖို့ အရှိန်ပြင်းပြင်းကြိုးစားခဲ့ပေမဲ့ မီးရှို့သူအမျိုးသားက မီးငြှိမ်းသူတွေ တားဆီးဖို့ လက်နက်နဲ့ပစ်ခတ်ခဲ့တယ်လို့ပါ သိရပါတယ်။
မီးရှို့မှု သံသယတရားခံဟာ အနက်ရောင် ဆီဒင်ကားတစ်စီးနဲ့ ဆေးရုံက ထွက်ပြေးသွားတာမြင်တွေ့ရသလို ခဏအကြာမှာပဲ ဆိုင်ကယ်နှစ်စီးနဲ့ တိုက်မိလို့ ဆေးရုံအနီးရှိ လူ ၃ ဦး ဒဏ်ရာရရှိသွားတာကို ကင်မရာက မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
တရားခံအမျိုးသားဟာ အခင်းဖြစ်ပွားရာနေရာအနီးက ကားလမ်းဘေး တောအုပ်ထဲ ပြေးဝင်သွားခဲ့ပေမဲ့ လွတ်မြောက်အောင် မတိမ်းရှောင်နိုင်ခဲ့ဘဲ ဘန်ကောက်မြို့က ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖမ်းမိခဲ့ပြီး သူဟာ အသက် ၄၀ အရွယ် ပီဘွန်း ရာချာသမာစာကွန်းဆိုသူဖြစ်တယ်လို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။


ပီဘွန်းက သူ့ကျူးလွန်မှုဟာ ဆေးရုံ ဒါမှမဟုတ် ဆေးရုံဝန်ထမ်းတွေနဲ့ မသက်ဆိုင်ဘူးလို့ အခိုင်အမာထွက်ဆိုခဲ့သလို လွန်ခဲ့တဲ့ ၆ နှစ်က သူကြုံခဲ့ရတဲ့ အိမ်ခြံမြေလိမ်လည်မှုမှာ ဘတ်ငွေသုံးသန်း ဆုံးရှုံးခဲ့ရတဲ့ စိတ်ဖိစီးမှုဖြေလျှော့ဖို့ ကြုံရာကျပန်း ပြစ်မှုကျူးလွန်တာလို့ ထွက်ဆိုတဲ့အပြင် သူက ဒီလိုကျူးလွန်ဖို့အတွက် ဇန်နဝါရီ ၂၆ ရက်ကမှ အူဘုန်ရတ်ချာဌာနီမြို့ကို ဘန်ကောက်ကတစ်ဆင့်ရောက်လာခဲ့သလို ပြစ်မှုကျူးလွန်ချိန် အသုံးပြုဖို့ကိုလည်း ဆီဒင်ကားတစ်စီးငှားရမ်းလာခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
ပီဘွန်းဟာ စိတ်ရောဂါဝေဒနာခံစားနေရသူမဟုတ်ဘူးလို့ ရဲတပ်ဖွဲ့က အတည်ပြုအပြီးမှာတော့ သူ့ကို သေဒဏ်နဲ့ ထောင် ဒဏ်တစ်သက်တစ်ကျွန်းအထိ နှစ်ရှည်ပြစ်ဒဏ်ပေးနိုင်တဲ့ လူသတ်ရန်ကြိုးပမ်းမှု ပုဒ်မ ၂၈၈၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၂၁၇ အပြင် အခွင့်မရှိဘဲ လက်နက်ကိုင်ဆောင်မှုပုဒ်မ ၇ စတဲ့ ပုဒ်မ သုံးခုနဲ့ အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။
အခုအချိန်မှာတော့ ပီဘွန်းမီးရှို့ဖျက်ဆီးခဲ့တဲ့ ဆေးရုံက လူနာတွေအားလုံးကို အခြားဆေးရုံတစ်ခုဆီ လွှဲပြောင်းထားရသလို အစိုးရက ဆေးရုံပြန်လည်ပြင်ဆင်နိုင်ဖို့ ငွေစုဘဏ်အကောင့်တစ်ခုဖွင့်လှစ် အလှူခံနေရပြီဖြစ်ပါတယ်။
Ref, The Thaiger