



၂.၂.၂၀၂၅
Written By Zun
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ အနောက်ရပ်ကွက်၊ အကွက် (၁၆၁)၊မြင်းစာရေးကြီးဝင်း၊ ၈၂ လမ်းနှင့် ၈၃ လမ်း ကြား၊ ၂၂ လမ်းနှင့် ၂၃ လမ်းကြားရှိ နေအိမ်တစ်အိမ်တွင် ဖယောင်းတိုင်ဖြင့် ဘုရားမီး ပူဇော်ထားရာမှ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့သောကြောင့် အသက် ၅၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး အမှုဖွင့်ခံခဲ့ရကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုမှာ ဖယောင်းတိုင်မီးဖြင့် ဘုရားမီး ပူဇော်ထားရာမှ ဖယောင်းတိုင်လဲကျပြီး အနီးရှိ ဘုရားစာအုပ်များကို မီးကူးစက်လောင်ကျွမ်းခဲ့ရခြင်းဖြစ်ကြောင်း၊ ယင်းကြောင့် မီးလောင်မှုဖြစ်ပွားခဲ့သည့် ပေ ၂၀ – ၂၅ ပေ သွပ်မိုး နံကပ်၊ ပျဉ်ခင်း (၂)ထပ် အဆောက်အဦ၏ အပေါ်ထပ်နှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း မန္တလေး မီးသတ်ဦးစီးဌာနက သိရသည်။
ယင်းမီးလောင်မှုဖြစ်စဉ်ကို မီးပေါ့ဆစွာသုံးစွဲမှု ဖြစ်သည့်အတွက် မီးလောင်ခဲ့သည့် အဆောက်အဦတွင် နေထိုင်သည့် အသက် ၅၆ နှစ်အရွယ် အမျိုးသမီးအား အမှတ်(၅) မြို့မရဲစခန်းတွင် ပ-၁၅/ ၂၀၂၅၊ ပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
မီးလောင်မှု ဖြစ်ပွားရာနေရာသို့မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီး မှ level (1) ယာဉ်အုပ်စု၊ မီးငြှိမ်းသတ် ယာဉ်(၁၀) စီး၊ ရေသယ်ယာဉ် (၅) စီး၊ အုပ်ချုပ်မှုယာဉ် (၃) စီး၊ သန္ဓေတပ်ဖွဲ့ဝင် (၃၀) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၇ဝ) ဦး၊ စုစုပေါင်း(၁၀၀) ဦးတို့ သွားရောက် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။