
၂.၂.၂၀၂၅
Written By Zun
ရခိုင်ပင်လယ်ဓားပြ AA ဖမ်းထားသည့် ရခိုင်ကုန်သည်ကြီး ဦးကျောက်တောင်၏ ကုန်တင်သင်္ဘော ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်က ပြန်လွတ်သွားပြီ ဖြစ်ကြောင်း အဖမ်းခံရသည့် ကုန်တင်သင်္ဘောပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။
သင်္ဘောပေါ်တွင် မူးယစ်ဆေးများနှင့် ရွှေချောင်းများပါသည်ဆိုသော အကြောင်းပြချက်ဖြင့် စွပ်စွဲဖမ်းဆီးထိန်းသိမ်း ထားပြီးနောက် သင်္ဘောပေါ်တွင် ယင်းတို့ကိုမတွေ့သည့်အတွက် ပြန်လွှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့မှ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်ဖ်ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများ တင်ဆောင်လာသည့် သင်္ဘော ၃ စီးကို ဇန်နဝါရီလ ၁၇ ရက်တွင် AA အဖွဲ့က ဘင်္ဂလားဒေ့ရှ်-မြန်မာ ရေပိုင် နက်နယ်နိမိတ် နတ်မြစ်ဝအနီး ရှာဖွေမှုပြုလုပ်ရန် အကြောင်းပြ၍ ထိန်းသိမ်းဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းနောက် နှစ်စီးကို ပြန်လွှတ်ပေးခဲ့ကာ ဦးကျောက်တောင်၏ သင်္ဘောကို ဆက်လက်ဖမ်းဆီးထားပြီး ရက် သတ္တပတ် နှစ်ပတ်ခန့်အကြာမှသာ ပြန်လွှတ်ပေးခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါ သင်္ဘောများပေါ်တွင် ငါးခြောက်အိတ်၊ ကွမ်းသီး၊ ဇီးတော်ဖီနှင့် အခြားထွက်ကုန်များအပါအဝင် တန်ဖိုး တာကာ သန်း ၄၀၀ ခန့်၊ (မြန်မာငွေ ကျပ်သန်း ၈၀၀၀ ခန့်) တန်ဖိုးရှိ ကုန်စည်များ တင်ဆောင်၍ ဘင်္ဂလားဒေ့ရှ်သို့ ကုန်သွယ်ခြင်း ဖြစ်ကြောင်း သိရသည်။
“ပြန်လွတ်တာဟုတ်ပါတယ်။ သင်္ဘောက ဘင်္ဂလားဒေ့ရှ်ကို ရောက်သွားပါပြီ” ဟု ကုန်တင်သင်္ဘောပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။
သို့သော်လည်း မည်သို့ဆွေးနွေးညှိနှိုင်းခဲ့ကြသည်ကိုမူ မသိရပေ။
ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ကုန်သွယ်ရေးများမှာ ဒေသတွင်းမတည်ငြိမ်မှုများကြောင့် ရပ်ဆိုင်းသွားပြီးနောက် အဆိုပါ ကုန်သွယ်ရေးကို ရန်ကုန်မှ ဘင်္ဂလားဒေ့ရှ်သို့ တိုက်ရိုက်ကုန်သွယ်ရေးအဖြစ် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလက အကောင်အ ထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့အကောင်အထည်ဖော်မှုကို Nay La Thitsar Trading ကုမ္ပဏီက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ မုတ္တမအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်ဖ်ဆိပ်ကမ်းသို့ “M.V ထိပ်ထားသခင်” သင်္ဘောဖြင့် ကုန်တင်ခ အခကြေးငွေဖြင့် ဝန်ဆောင်မှု ပေးနေခြင်းဖြစ်ကြောင်း MT News က ဖော်ပြခဲ့သေးသည်။