
၂.၂.၂၀၂၅
Written by Hey Mar
စက်ဘီးစီးနင်းသူကို တိုက်ပြီးပြေးလာတဲ့ အုတ်သယ်ယာဉ်၊ ကုန်တင်ယာဉ်နဲ့ မျက်နှာချင်းဆိုင် ထပ်မံ တိုက်မိတာကြောင့် လူငါးဦးဒဏ်ရာရရှိပြီး တစ်ဦးဒဏ်ရာပြင်းထန်တယ်လို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ အင်းစိန် Volunteer Team မှ တာဝန်ရှိသူက MT News ကို ပြောပါတယ်။
ဖြစ်စဉ်က ဒီနေ့ မနက် ဆယ်နာရီ မိနစ် နှစ်ဆယ်ခန့် အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်း၊ ဖော့ကန်ဈေးရှေ့မှာ ဖြစ်ပွားခဲ့ပြီး အုတ်သယ်ယာဉ်က မောင်းပြေးစဉ် တစ်ဖက်ယာဉ်ကြောကိုရောက်ရှိပြီး လမ်းမှန်အတိုင်းမောင်းနှင်လာတဲ့ ကုန်တင်ယာဉ်နဲ့ တိုက်မိတာကြောင့် အုတ်သယ်ယာဉ်ဦးခေါင်းပိုင်း ဆိုးဆိုးရွားရွားပျက်စီးကာ ရှေ့ခန်းက လိုက်ပါစီးနင်းလာသူ အမျိုးသမီး ကားအတွင်းညပ်နေပြီး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
“စက်ဘီးစီးနင်းလာသူကို နယ်မြေခံ အသင်းကပဲ လူနာယာဉ်နဲ့ သယ်သွားပါတယ်။ အုတ်သယ်တဲ့ ကားပေါ်က ရှေ့ခန်းက အမျိုးသမီးက ဒဏ်ရာပြင်းတယ်။ ခါးအောက်ပိုင်းတစ်ခုလုံးထိတာ။ ညာခြေထောက်သွင်သွင်ကျိုးပြီးကားထဲ ညပ်နေတာမို့ မီးသတ်တပ်ဖွဲ့က ခဲရာခဲဆစ် ထုတ်ယူပေးခဲ့ရပါတယ်။ အုတ်သယ်ယာဉ်ကပဲ ကားနောက်ပိုင်း အုတ်ပုံပေါ်က ထိုင်လိုက်လာတဲ့ အမျိုးသမီး သုံးဦးလည်း မစိုးရိမ်ရ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်”လို့ အင်းစိန် Volunteer Team မှ တာဝန်ရှိသူက MT News ကို ပြောပါတယ်။
ယာဉ်တိုက်မှုဖြစ်စဉ်အတွင်း နှစ်ဖက်ယာဉ်မောင်းတွေ အန္တရာယ်ကင်းခဲ့ပြီး တာဝန်ရှိသူတွေက စစ်ဆေးမေးမြန်းဖို့အတွက် ထိန်းသိမ်းခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိသူတွေကို နယ်မြေခံအသင်းက သူနာတင်ယာဉ်နဲ့ အင်းစိန်ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။