
၁. ၂. ၂၀၂၅
Written by Nay Moe
KNU ထိန်းချုပ်နယ်မြေတွင် ၂၀၂၁ ခုနှစ် နှောင်းပိုင်းကာလက စုစည်းတည်ဆောက်ခဲ့ ဂဠုန်စစ်ကြောင်းက NUG ကွပ်ကဲမှုအောက်မှ နုတ်ထွက်ကြောင်း ယနေ့ ကြေညာလာသည်။
၂၀၂၂ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် NUG ၏ အမှတ် ၂ စစ်ဒေသ၊ စစ်ဒေသခွဲ ၃ ၏ ကွပ်ကဲမှုအောက်တွင် ဂဠုန်စစ်ကြောင်း (P29908) အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ချိန် တောင်ကြာအင်းစခန်းသိမ်းတိုက်ပွဲ၊ ကော့ဘိန်းစခန်းသိမ်းတိုက်ပွဲ၊ ချောင်းနှစ်ခွတိုက်ပွဲ၊ ကမ်းနီတိုက်ပွဲများနှင့် ကရင့်ဒေသတွင်းရှိ တိုက်ပွဲများတွင်ဂဠုန်စစ်ကြောင်းမှ ပါဝင်ပူးပေါင်း တိုက်ခိုက်ခဲ့ရာတိုက်ပွဲကာလအတွင်း PDF ၂၀ သေဆုံးပြီး ၅ ဦးက ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့သည်။
ထို့ကြောင့် ယမန်နှစ် နိုဝင်ဘာ ၅ ရက်တွင် NUG တာဝန်ရှိသူများနှင့် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးပြီးနောက် ဂဠုန်စစ်ကြောင်း တိုက်ခိုက်ရေးတပ်ခွဲများ၊ ဂဠုန်စစ်ကြောင်း Galon Drone 2 ဒရုန်းတပ်ဖွဲ့၊ ဂဠုန်စစ်ကြောင်း Spring UAV Force G3 ဒရုန်းတပ်ဖွဲ့၊ ဂဠုန်စစ်ကြောင်း တပ်ထောက်တပ်ဖွဲ့၊ ဂဠုန်စစ်ကြောင်း ပြန်ကြားရေးတပ်ဖွဲ့၊ ဂဠုန်စစ်ကြောင်း ဆက်သွယ်ရေးတပ်ဖွဲ့၊ ဂဠုန်စစ်ကြောင်း ဆေးတပ်ဖွဲ့၊ ဂဠုန်စစ်ကြောင်း ရုံးတပ်ဖွဲ့ များသည် NUG ၏ ကွပ်ကဲမှု အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်ရန် ဆန္ဒ မရှိသောကြောင့် နုတ်ထွက်ခွင့် တင်ပြခဲ့ရာ ယခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် တရားဝင်ခွင့်ပြုချက်ရရှိပြီးဖြစ်သောကြောင့် ဂဠုန်စစ်ကြောင်းသည် NUG ၏ ကွပ်ကဲမှုအောက်မှ ထွက်ရှိပြီးဖြစ်ကြောင်း အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။