
၁.၂.၂၀၂၅
Written By Zun
လူ့အခွင့်အရေးချိုးဖောက်နေသော AA ၏ လုပ်ရပ်ကို ဖုံးကွယ်ပြောဆိုသည့် ပလက်ဝကောင်စီ ဥက္ကဋ္ဌအား မလေးရှားရောက် ခူမီးမျိုးနွယ်စုဝင်များက ကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်သည်။
ပလက်ဝမြို့နယ်အတွင်း (AA)က စာသင်ကျောင်းနှင့် အထိမ်းအမှတ်ပွဲများတွင် ရခိုင်အမျိုးသားသီချင်း၊ ရခိုင်စာပေတို့ကိုသင်ကြားစေခြင်း မရှိကြောင်းနှင့် ငြိမ်းငြိမ်းချမ်းချမ်းပေါင်းနေကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက် က Vaurawng Zuunthin ကီမိုပရောဂျက်အတွက် အွန်လိုင်းကတစ်ဆင့် ရန်ပုံငွေ ရှာဖွေသည့်ပွဲတွင် ပလက်ဝကောင်စီ ဥက္ကဋ္ဌဦးမျိုးထိုက်က ပြောကြားခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ မလေးရောက် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဒေသခံများ ဖြစ်ကြသော ခူမီးမျိုးနွယ်စုဝင်များက အစည်းအဝေးပြုလုပ်ကာ အစည်းအဝေးဆုံးဖြတ်ချက်အရ ကန့်ကွက်စာထုတ်ပြန်ခြင်းလည်း ဖြစ်ကြောင်းသိရသည်။
ပလက်ဝကောင်စီ (PC) ဥက္ကဋ္ဌမှာ ဦးမျိုးထိုက် ဆိုသူဖြစ်ပြီး ယင်းက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ရခိုင်တပ်မတော် (AA)အဖွဲ့၏ လူ့အခွင့်အရေးချိုးဖောက်မှု အားလုံးကို ဖုံးကွယ်၍ ပလက်ဝမြို့နယ် ငြိမ်းချမ်းနေသယောင် မီဒီယာများတွင် ပြောဆိုနေမှုကို အထက်ပါအတိုင်း ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်ကစ၍ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို (AA) က အပြီးသတ် ထိန်းချုပ်လိုက်ပြီးနောက် ဒေသခံချင်းတိုင်းရင်းသား ၂ သောင်းကျော်မှာ မီဇိုရမ်ပြည်နယ်၊ ဟားခါး၊ ရန်ကုန် စသည့် ဒေသများသို့ ပြောင်းရွှေ့ထွက်ပြေးနေကြရသည်မှာ ယခုတိုင်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပလက်ဒေသကို သိမ်းပိုက်ပြီးနောက် AA က အာဏာရှင်စနစ်ကိုကျင့်သုံး၍ မတရားဖိနှိပ်ခြင်း၊ မတရား ဖမ်းဆီးခြင်း၊ အမျိုးသမီးများအားအဓမ္မပြုကျင့်ခြင်း၊ ဘိုးဘွားပိုင်မြေယာများကို လုယူခြင်းများပြုလုပ်နေသည့်အပြင် အရွယ် ရောက်လူငယ်များနှင့် ဒေသခံပြည်သူများထွက်ပြေး တိမ်းရှောင်နေရကာ ဖမ်းဆီးခံပြည်သူတချို့ကိုလည်း ယနေ့တိုင် လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။
ထို့အတူ AA အနေဖြင့် ရံဖန်ရံခါ အားကစားပွဲများပြုလုပ်ကာ ရခိုင်နိုင်ငံတော် သီချင်းများကို သီဆိုခိုင်းကာ လူ့အခွင့်အရေး ချိုးဖောက်နေကြောင်းလည်း ဒေသခံများထံမှ သိရသည်။
AA ၏ မတရားဖိနှိပ်မှုဒဏ်ကို မခံနိုင်သောကြောင့် ထွက်ပြေးရသည်ကို ပလက်ဝကောင်စီ (PC) ဦးမျိုးထိုက် အသိပင်ဖြစ်သော်လည်း AA ၏ လူ့အခွင့်အရေးချိုးဖောက်မှုအားလုံးကိုဖုံးကွယ်ပြီး ပလက်ဝမြို့နယ်၊ ငြိမ်းချမ်းသယောင် ပြောဆိုဖြေကြားချက်မှာ ဒေသခံပြည်သူများ၏ ရင်ဆိုင်ကြုံတွေ့ခံစားနေမှုကို လျစ်လျှူရှုထားပြီး မြေပြင်ဒေသခံ ပြည်သူများ၏ကြုံတွေ့နေရမှုနှင့်လုံးဝလွဲမှားနေသည့်အတွက် လွန်စွာစိတ်ပျက်မိကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။